တီးတိန်-ရိဒ် လမ်းပိုင်းကို ကန်ဒေါ်လာ ၂ဝ၄ သန်း အကုန်အကျခံကာ အဆင့်မြှင့်တင်မည်

တီးတိန်-ရိဒ် လမ်းပိုင်းကို ကန်ဒေါ်လာ ၂ဝ၄ သန်း အကုန်အကျခံကာ အဆင့်မြှင့်တင်မည်

မြန်မာ-အိန္ဒိယနယ်စပ် ဒုတိယအကြီးဆုံး နယ်စပ်ရောင်းဝယ်ရေးလမ်းကြောင်းပေါ်ရှိ တီးတိန်-ရိဒ်ကားလမ်းကို အိန္ဒိယနိုင်ငံ၏အကူအညီဖြင့်ကန်ဒေါ်လာ ၂ဝ၄ သန်း အကုန်အကျခံကာ အဆင့်မြှင့်တင်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ချင်းပြည်နယ်အစိုးရအဖွဲ့ တာဝန်ရှိသူတစ်ဦးထံကသိရသည်။

''စီမံကိန်းကတော့ ပြီးခဲ့တဲ့နှစ်တွေတုန်းကစတင်လို့ စီစဉ်နေခဲ့ကြတာဖြစ်ပါတယ်၊ ကားလမ်းနဲ့မလွတ်တဲ့ လယ်ယာမြေတွေကိုလည်း မြန်မာအစိုးရဖက်က ရော်ကြေးပေးဖြေရှင်းတာမျိုးတွေဆောင်ရွက်ထားပြီးဖြစ်ပါတယ်။ တချို့ညှိနှိုင်းဖြေရှင်းကျန်တာလေးတွေလည်းရှိတယ်။ များသောအားဖြင့်ကတော့လျော်ကြေးပေးရမှာဖြစ်ပါတယ်။ အားလုံးပြီးပြတ်သွားရင် လာမယ့် ၂ဝ၂၁ နှစ်ထဲမှာလုပ်ငန်းစတင်နိုင်မှာဖြစ်ပါတယ်" ဟု ၎င်းကပြောသည်။

ချင်းပြည်နယ် မြန်မာ-အိန္ဒိယနယ်စပ် ရိဒ်နယ်စပ်နှင့် အများဆုံးသွားလာသည့်ကားလမ်းကြောင်းမှာ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့ တီးတိန်မြို့နှင့် ရိဒ်နယ်စပ်၊ ရိဒ်ခေါဒါးရ်မြို့သို့ဆက်သွယ်သွားလာနိုင်သော လမ်းကြောင်း ဖြစ်သည်။ ကလေး-တီးတိန်မြို့မှာ ၅၇ မိုင်ရှိပြီး ယခုအခါ ရာသီမရွေးသွားလာနိုင်သည့် အနေအထားသို့ရောက်နေပြီဖြစ်သော်လည်း တီးတိန်-ရိဒ်မိုင်(၃၁)မှာ နွေနှင့်ဆောင်းရာသီတွင် လမ်းကောင်းမွန်သော်လည်း၊ မိုးရာသီကာလတွင် တောင်ပြိုဗွက်ထသည့်လမ်းဖြစ်သည့်အတွက် လမ်းပိတ်ဆို့မှုများ မကြာခဏ ကြုံကြရကြောင်းကလေး-တီးတိန်- ရိဒ်ပြေးဆွဲသည့်ချင်းတောင်တန်းကားသင်းမှ ကားဒရိုင်ဘာ ဦးရှမ်းက ပြောသည်။

''ကလေး- တီးတိန်- ရိဒ် နယ်စပ်ကုန်သွယ်ရေးလမ်းမှာ ကလေး-တီးတိန်လမ်းကတော့သိပ်မဆိုးဘူးလို့ ပြောရမှာပါ။ ကလေး-သိုင်းငင်းအထိ မိုင်(၃ဝ)ကလမ်းမဆိုးပေမယ့် ကနေဒီတောင်နှင့်တီးတိန်က လမ်းနည်းနည်းဆိုးသေးတယ်၊တီးတိန်-ရိဒ်ကတော့ မကြာခဏ ကားတွေထိုးကျတာ၊ လဲတာ၊ ပစ္စည်းလူ ဆုံးရှုံးတာနှစ်စဉ်ဖြစ်နေတာပါ။ နွေရာသီမှာဖုန်ထ၊ မိုးရာသီမှာ ဗွက်ထဆိုတဲ့ လမ်းဖြစ်နေတာပါ၊ တချို့နေရာတွေမှာဆိုရင်ကားနှစ်စီး မရှောင်သာဘူး၊ အတက်အဆင်း နေရာတွေကလည်းကြီးမားလွန်းတယ်''ဟု တီးတိန်မြို့ဒေသခံ ဦးတွမ်ပီးက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး