ပြင်သစ်တွင် ညမထွက်ရအမိန့်ကို နှစ်သစ်ကူးအကြိုကာလအထိ ချမှတ်မည်

ပြင်သစ်တွင် ညမထွက်ရအမိန့်ကို နှစ်သစ်ကူးအကြိုကာလအထိ ချမှတ်မည်

ပါရီ ဒီဇင်ဘာ ၁၁ - ခြောက်ပတ်ကြာ ကူးသန်းသွားလာမှုပိတ်ပင်ချက် အမိန့်ကို ပြန်လည်ရုပ်သိမ်းပေးမည်ဖြစ်သော်လည်း ညမထွက်ရအမိန့်ကို နှစ်သစ်ကူးအကြိုကာလအထိ ချမှတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြင်သစ်အစိုးရက ဒီဇင်ဘာ ၁၀ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

ယင်းညမထွက်ရအမိန့်သည် လာမည့် ဒီဇင်ဘာ ၁၅ ရက်တွင် စတင်သက်ရောက်မည်ဖြစ်ပြီး ည ၈ နာရီမှ နံနက် ၆ နာရီအထိဖြစ်ကြောင်း သိရသည်။

ကာကွယ်ဆေးမျှော်လင့်ချက် နီးကပ်လာပြီဖြစ်သော်လည်း ပြင်သစ်နိုင်ငံတွင် COVID-19 ကူးစက်မှုများ ပြန်လည်မြင့်မားလာနေခြင်းကြောင့် ကန့်သတ်ပိတ်ပင်ချက်များကို အလုံးစုံဖြေလျှော့ဦးမည်မဟုတ်ကြောင်း သိရသည်။ ထို့ပြင် လာမည့်ခရစ္စမတ် အားလပ်ရက်များနှင့် နှစ်သစ်ကူးအကြို အားလပ်ရက်များတွင် မိသားစုများနှင့် မိတ်ဆွေအပေါင်းအသင်းများ ပြန်လည်ဆုံစည်းနိုင်ရန်အတွက် အစိုးရက ခွင့်ပြုပေးမည်ဟု ကောလာဟလသတင်းများ ထွက်ပေါ်နေခြင်းသည် မဟုတ်မှန်ကြောင်း ဝန်ကြီးချုပ် ယိုကက်စတက်စ်က ရှင်းလင်းပြောကြားခဲ့သည်။

အောက်တိုဘာလတွင် ကူးသန်းသွားလာမှုဆိုင်ရာ ပိတ်ပင်ချက်များ ချမှတ်ခဲ့မှုကြောင့် တိုးတက်မှုရှိလာခဲ့ပြီး နေ့စဉ်ကူးစက်သူဦးရေ ၅၀၀၀၀ နီးပါးရှိရာမှ ၁၀၀၀၀ အထိ လျှော့ချပစ်နိုင်ခဲ့ကြောင်း ဝန်ကြီးချုပ်ကဆိုသည်။ သို့ရာတွင် ကူးစက်မှုနှုန်းလျော့ကျမှုသည် လွန်ခဲ့သည့်ရက်ပိုင်းအတွင်း၌ နှေးကွေးလာသည်ဟု ၎င်းက ပြောကြားသည်။ ဗိုင်းရပ်ကူးစက်မှုနှုန်းသည် မြင့်တက်ခြင်းမရှိသလို လျော့ကျခြင်းမျိုးလည်းမရှိဘဲ တန်းနေကြောင်း သိရသည်။ ထို့ကြောင့် ပိတ်ပင်ကန့်သတ်ချက်များကို ဖြေလျှော့ပစ်လိုက်ပါက ပြင်သစ်အနေဖြင့် တတိယလှိုင်းနှင့် သေချာပေါက်ရင်ဆိုင်ရမည်ဖြစ်ကြောင်း ၎င်းက သတိပေးခဲ့သည်။