မီဒီယာလုပ်ငန်းရှင်ကြီး ဂျင်မီလိုင်အပေါ် အမျိုးသားလုံခြုံရေးဥပဒေအရ တရားစွဲမည်

မီဒီယာလုပ်ငန်းရှင်ကြီး ဂျင်မီလိုင်အပေါ် အမျိုးသားလုံခြုံရေးဥပဒေအရ တရားစွဲမည်

ဟောင်ကောင် ဒီဇင်ဘာ ၁၁ - ဟောင်ကောင်ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ မီဒီယာလုပ်ငန်းရှင်ကြီး ဂျင်မီလိုင်အပေါ် တရုတ်အစိုးရမှ ပြဋ္ဌာန်းလိုက်သော အမျိုးသားလုံခြုံရေးဥပဒေဖြင့် တရားစွဲဆိုသွားမည်ဖြစ်ကြောင်း ဒီဇင်ဘာ ၁၁ ရက်တွင် ၎င်းပိုင်ဆိုင်သော Apple Daily သတင်းစာ၏ ဖော်ပြချက်အရ သိရသည်။

အသက် ၇၃ နှစ်အရွယ်ရှိပြီဖြစ်သော ဂျင်မီလိုင်သည် ရှီကျင့်ဖျင်ဦးဆောင်သော တရုတ်အစိုးရအဖွဲ့ကို ပြင်းထန်စွာ ဝေဖန်သူတစ်ဦးဖြစ်ပြီး တရုတ်အစိုးရအပေါ်တွင် နိုင်ငံခြားတိုင်းပြည်များက အရေးယူပိတ်ဆို့မှုများ ကြီးမားစွာလုပ်ဆောင်ရန် တောင်းဆိုမှုများ ပြုလုပ်ခဲ့ခြင်းကြောင့် ဟောင်ကောင်အစိုးရက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ဟောင်ကောင်အစိုးရက ဖမ်းဆီးသော်လည်း တရားစီရင်ရာတွင် တရုတ်အစိုးရမှ ပြဋ္ဌာန်းထားသော အမျိုးသားလုံခြုံရေးဥပဒေအတိုင်း စီရင်မည်ဖြစ်ပြီး ထောင်ဒဏ်တစ်သက်တစ်ကျွန်းအထိ ကျခံရဖွယ်ရှိနေကြောင်း သိရသည်။ ယခုကိစ္စနှင့်ပတ်သက်၍ အနောက်နိုင်ငံများရှိ လူ့အခွင့်အရေးအဖွဲ့အစည်းများကမူ စိုးရိမ်စိတ်များ မြင့်တက်လာနေသည်။

‘‘သူတို့ရဲ့ရည်ရွယ်ချက်က ဂျင်မီလိုင်ကို ဖမ်းထားဖို့ဖြစ်ပြီး ဝေဖန်မှုတွေ ရပ်တန့်သွားအောင် လုပ်ချင်တာဖြစ်ပါတယ်’’ ဟု ဂျင်မီလိုင်၏ လုပ်ဖော်ကိုင်ဖက်တစ်ဦးဖြစ်သူ မာ့ခ်ဆိုင်မွန်က ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့သည်။ ဟောင်ကောင်ရဲတပ်ဖွဲ့ကမူ ယခုသတင်းနှင့်ပတ်သက်ပြီး တစ်စုံတစ်ရာ တုံ့ပြန်ပြောဆိုခြင်း မရှိသေးပေ။