အမေရိကန်၏ ဗျူဟာမြောက် ဗုံးကြဲလေယာဉ်များ အရှေ့အလယ်ပိုင်းတစ်ခွင်၌ ပျံသန်း

အမေရိကန်၏ ဗျူဟာမြောက် ဗုံးကြဲလေယာဉ်များ အရှေ့အလယ်ပိုင်းတစ်ခွင်၌ ပျံသန်း

ဝါရှင်တန် ဒီဇင်ဘာ ၁၁ - ဗျူဟာမြောက် ဗုံးကြဲလေယာဉ် B-52H နှစ်စင်းသည် အမေရိကန်မှ ထွက်ခွာလာပြီးနောက် အရှေ့အလယ်ပိုင်းဒေသတစ်ခွင်၌ ပျံသန်းခဲ့ကြောင်းသိရပြီး အီရန်အတွက် အချက်ပေးခေါင်းလောင်းသံအဖြစ် ပြသလိုက်ခြင်းဖြစ်ကြောင်း ရိုက်တာသတင်းဌာနက ဒီဇင်ဘာ ၁၁ ရက်တွင် ဖော်ပြခဲ့သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အစိုးရသည် အာဖဂန်နစ္စတန်နှင့် အီရန်ရှိတပ်များကို ပြန်လည်ရုပ်သိမ်းနေပြီဖြစ်သော်လည်း တစ်လအတွင်း၌ ဒုတိယအကြိမ်မြောက်အဖြစ် အရှေ့အလယ်ပိုင်းဒေသတွင် စစ်ဘက်သုံး ဗုံးကြဲလေယာဉ်များ ပျံသန်းပြခဲ့ခြင်းဖြစ်သည်။

တာဝေးပျံသန်းနိုင်ပြီး ဗျူဟာမြောက် ဗုံးကြဲနိုင်ကာ နျူကလီးယားဗုံးများကိုပါ တင်ဆောင်နိုင်သော လေယာဉ်ကြီးများ ပျံသန်းခြင်းသည် အီရန်အတွက် စိုးရိမ်ဖွယ်ရာဖြစ်ရပြီး အမေရိကန် တိုက်လေယာဉ်များသည်လည်း အရှေ့အလယ်ပိုင်းဒေသတွင် မကြာခဏဆိုသလို ပျံသန်းဝင်ရောက်ခဲ့ကြောင်း သိရသည်။ ယင်းကဲ့သို့ လုပ်ဆောင်ချက်များရှိနေခြင်းကြောင့် အရှေ့အလယ်ပိုင်းဒေသရှိ နိုင်ငံရေးသမားများကမူ ဝေဖန်ပြစ်တင်ခြင်းများ ပြုလုပ်ခဲ့ကြသည်။

သို့သော် ယင်းကဲ့သို့ လေ့ကျင့်ပျံသန်းမှုမှာ အရှေ့အလယ်ပိုင်းဒေသရှိ အမေရိကန်မဟာမိတ်များအတွက် ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးအတွက် ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း အရှေ့အလယ်ပိုင်းဒေသဆိုင်ရာ အမေရိကန် စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ဖရန့်မက်ကန်ဇီက ဆိုသည်။

‘‘ဗျူဟာမြောက်ဗုံးကြဲလေယာဉ်ကြီးတွေ ကမ္ဘာတစ်ဝက်လောက်ခရီးကို မရပ်မနားပျံသန်းမှုနဲ့ ဒေသတွင်းမိတ်ဖက်နိုင်ငံများနဲ့အတူ လျင်မြန်စွာပေါင်းစည်းနိုင်ခြင်းဟာ အရှေ့အလယ်ပိုင်းဒေသ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးအတွက် ပေးထားတဲ့ ကျွန်တော်တို့ရဲ့ ကတိကဝတ်ကို မျှဝေခြင်းဖြစ်ပါတယ်’’ ဟု ဗိုလ်ချုပ်ဖရန့်မက်ကန်ဇီက ပြောကြားခဲ့သည်။

၎င်းတို့၏ ထိပ်တန်းနျူကလီးယားသိပ္ပံပညာရှင် လုပ်ကြံသတ်ဖြတ်ခံရမှုနှင့်ပတ်သက်ပြီး သေချာပေါက် လက်တုံ့ပြန်မည်ဖြစ်ကြောင်း အီရန်က ပြောဆိုထားမှုကြောင့် အမေရိကန်အစိုးရ အရာရှိများနှင့် ဥရောပ အစိုးရအဖွဲ့များသည် အရှေ့အလယ်ပိုင်းဒေသအရေးအတွက် လွန်စွာပင်စိုးရိမ်နေကြောင်း သိရသည်။ အကြောင်းမှာ အီရန်သည် လူပေါင်းများစွာ သေကြေစေနိုင်သည့် တာဝေးပစ် နျူကလီးယားထိပ်ဖူးတပ် ပဲ့ထိန်းဒုံးကျည်များကို ပိုင်ဆိုင်ထားခြင်းကြောင့်ဖြစ်သည်။