ဝါရှင်တန် ဒီဇင်ဘာ ၁၁ - ရုရှားထံမှ S-400 လေကြောင်းကာကွယ်ရေးဒုံးကျည်စနစ်များ ဝယ်ယူခြင်းကြောင့် တူရကီအား အမေရိကန်က အရေးယူပိတ်ဆို့မှုများလုပ်ဆောင်ရန် စီစဉ်နေပြီဖြစ်ကြောင်း သတင်းရင်းမြစ်ငါးခု၏ ဒီဇင်ဘာ ၁၁ ရက် ဖော်ပြချက်အရသိရပြီး ယင်းတို့အထဲတွင် အမေရိကန်အရာရှိသုံးဦး၏ ပြောဆိုချက်များပါဝင်ကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြခဲ့သည်။
ယင်းကဲ့သို့ လုပ်ဆောင်ပါက နေတိုးမဟာမိတ် နှစ်နိုင်ငံအကြားတွင် အတင်းမာဆုံးသော ဆက်ဆံရေးတစ်ရပ်ကို မြင်တွေ့ရဖွယ်ရှိနေသည်။
အမေရိကန်၏ အရေးယူပိတ်ဆို့မှုသည် တူရကီကာကွယ်ရေးဝန်ကြီးဌာန အကြီးအကဲများကို ပစ်မှတ်ထားလိမ့်မည်ဖြစ်ပြီး အဆိုးရွားဆုံးအခြေအနေများ ဖြစ်လာနိုင်ကြောင်း သတင်းရင်းမြစ်များက ဖော်ပြသည်။ တူရကီအား အရေးယူပိတ်ဆို့ရန်အတွက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က တွန်းအားပေးခဲ့ကြောင်း အမည်မဖော်လိုသည့် အမေရိကန် ထိပ်တန်းအရာရှိတစ်ဦးက ပြောဆိုခဲ့ကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြသည်။
COVID-19 ကပ်ရောဂါကြောင့် စီးပွားရေးအကျပ်အတည်းများနှင့် ရင်ဆိုင်နေရသည့် တူရကီသည် အမေရိကန်၏ အရေးယူပိတ်ဆို့မှုနှင့် ထပ်မံကြုံတွေ့ရပါက စီးပွားရေးမှာ ၁ ဒသမ ၄ ရာခိုင်နှုန်းခန့် ထပ်မံကျဆင်းသွားနိုင်ကြောင်း သတင်းရင်းမြစ်တစ်ခုက ဖော်ပြခဲ့သည်။ အမေရိကန်အနေဖြင့် အရေးယူပိတ်ဆို့မှု ပြုလုပ်ပါက နေတိုးမဟာမိတ် နှစ်နိုင်ငံအကြား ဆက်ဆံရေးကို ဆိုးရွားစွာ ထိခိုက်စေလိမ့်မည်ဖြစ်ကြောင်း တူရကီထိပ်တန်းအရာရှိတစ်ဦးက ပြောကြားသည်။
‘‘အရေးယူပိတ်ဆို့မှုလုပ်လည်း အောင်မြင်မှုရမှာမဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့က တုံ့ပြန်မှာပါ။ ဆက်ဆံရေးကို ဆိုးဆိုးရွားရွား ထိခိုက်စေလိမ့်မယ်။ ဒီပြဿနာကို ဆွေးနွေးညှိနှိုင်းမှုနဲ့အတူ သံတမန်နည်းလမ်းအရ ဖြေရှင်းဖို့ တူရကီက နှစ်သက်ပါတယ်။ တစ်ဖက်သတ် အရေးယူပိတ်ဆို့နေတာတွေ ကျွန်တော်တို့ လက်မခံဘူး’’ ဟု အမည်မဖော်လိုသူ တူရကီထိပ်တန်းအရာရှိတစ်ဦးက ပြောကြားခဲ့သည်။

















