ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားရန် အစိုးရအဖွဲ့အား တိုက်တွန်းခဲ့ကြောင်း ဘောရစ်ဂျွန်ဆင် ပြောကြား

ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားရန် အစိုးရအဖွဲ့အား တိုက်တွန်းခဲ့ကြောင်း ဘောရစ်ဂျွန်ဆင် ပြောကြား

လန်ဒန် ဒီဇင်ဘာ ၁၁ - လက်ရှိဆွေးနွေးမှုများ ပြုလုပ်နေသော ဗြိတိန်-ဥရောပသမဂ္ဂ ကုန်သွယ်ရေးဆိုင်ရာကိစ္စရပ်များအတွက် သဘောတူညီမှု မရရှိနိုင်သည့် အခြေအနေတစ်ရပ်အပေါ် ကြိုတင်ပြင်ဆင်ထားကြရန် အစိုးရအဖွဲ့အား ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ပြောဆိုခဲ့ကြောင်း အေပီသတင်းဌာနက ဒီဇင်ဘာ ၁၁ ရက်တွင် ဖော်ပြသည်။

လက်ရှိတွင် ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်နှင့် ဥရောပကော်မရှင်ဥက္ကဋ္ဌအပါအဝင် ဥရောပသမဂ္ဂမှ တာဝန်ရှိသူများသည် ဗြိတိန်-ဥရောပသမဂ္ဂ ကုန်သွယ်ရေးဆိုင်ရာ သဘောတူညီချက်တစ်ရပ်ရရှိရန် ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့တွင် အကြိတ်အနယ်ဆွေးနွေးနေကြသည်။ ဗြိတိန်သည် လွန်ခဲ့သည့် ဇန်နဝါရီလအကုန်တွင် ဥရောပသမဂ္ဂမှ ထွက်ခွာခဲ့သည့်နိုင်ငံဖြစ်ပြီး သီးခြားရပ်တည်မည်ဖြစ်သည်။

သို့သော် မတူကွဲပြားသည့် ကုန်သွယ်ရေးဆိုင်ရာ ရှုထောင့်များအရ သဘောတူညီချက်ရရှိရန်မှာ မလွယ်ကူသည့်အနေအထားမျိုး ရှိနေခြင်းကြောင့် သဘောတူညီချက်မရပါက ဗြိတိန်အနေဖြင့် ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ကြိုးစားဆောင်ရွက်ရန်အတွက် ပြင်ဆင်ထားရန် ဘောရစ်ဂျွန်ဆင်က အစိုးရအဖွဲ့အား ဒီဇင်ဘာ ၁၀ ရက်တွင် တိုက်တွန်းခဲ့သည်။

‘‘လက်ရှိဆွေးနွေးနေတဲ့ အကြောင်းအရာတွေက ဗြိတိန်အတွက် အချိန်မကျသေးဘူးဆိုတာကိုတော့ ကျွန်တော်တို့အားလုံး လက်ခံသဘောတူခဲ့ကြတယ်။ ဒါကြောင့် သဘောတူညီမှုမရခဲ့ရင်လည်း ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဆက်လုပ်ဖို့အတွက် ပြင်ဆင်ထားဖို့ အစိုးရအဖွဲ့ကို ကျွန်တော်ပြောခဲ့ပါတယ်’’ ဟု ဂျွန်ဆင်က ပြောကြားခဲ့သည်။

နှစ်ဦးနှစ်ဖက်အကြား မတူကွဲပြားသော သဘောထားများစွာ ရှိနေခြင်းကြောင့် ကုန်သွယ်ရေးသဘောတူစာချုပ်မှာ ဖြစ်မြောက်လာဖွယ်မရှိကြောင်း သတင်းရင်းမြစ်များက ဖော်ပြနေကြသည်။

အောင်စိုးသူ(LPN) ဘာသာပြန်သည်။