စျေးများ၌ ကျန်းမာရေးကာကွယ်မှုမရှိသော စျေးရောင်းချသူများပြားလာ၍ စျေးရောင်းချခွင့် လုံးဝမပြုရန်တိုက်တွန်း

စျေးများ၌ ကျန်းမာရေးကာကွယ်မှုမရှိသော စျေးရောင်းချသူများပြားလာ၍ စျေးရောင်းချခွင့် လုံးဝမပြုရန်တိုက်တွန်း

ဈေးရောင်း၊ ဈေးဝယ်သူများအနေဖြင့်နှာခေါင်းစည်း(Mask)၊ မျက်နှာအကာများတပ်ဆင်ခြင်းမရှိပါဘဲ ဈေးရောင်းချခြင်းအားလုံးဝခွင့်မပြုရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက သက်ဆိုင်ရာဈေးတာဝန်ခံများသို့ ဒီဇင်ဘာ ၁၁ ရက်တွင် တိုက်တွန်းနှိုးဆော်ထားသည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေဖြင့် ဈေးတချို့ရှိ ဈေးရောင်းဈေးဝယ်သူများအနေဖြင့် နှာခေါင်းစည်း(Mask)တပ်ဆင်မှုမရှိခြင်း၊ မျက်နှာအကာ(Face Shield) တပ်ဆင်မှုမရှိခြင်း၊ ထိုအရာများကို စနစ်တကျတပ်ဆင်ခြင်းမရှိဘဲ မေးသိုင်းထားခြင်း၊ အပေါ်သို့လှန်ထားခြင်းများနှင့်ပတ်သက်၍ စိစစ်တွေ့ရှိရသဖြင့် ဒီဇင်ဘာ ၁၁ ရက် နေ့လယ်ပိုင်းက သတိပေးထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

''လူထုလှုပ်ရှားမှုအသွင်နဲ့ Mask အပြင် Face Shield ပါတပ်တဲ့ ကမ်ပိန်းတွေလုပ်တယ်။ သူတို့က မလိုက်နာကြဘူး။အားရကျေနပ်တဲ့အဆင့်မဟုတ်ဘူး။ စိတ်ကျေနပ်လောက်တဲ့အဆင့်ထိအောင် မလိုက်နာဘူးဖြစ်နေတယ်။ ပြန်သွားတာနဲ့ ချွတ်ပစ်တယ်။ မေးသိုင်းဖြစ်ကြတယ်။ အဲ့ဒါကိုမန္တလေးလို ထိထိရောက်ရောက်နဲ့ အရေးယူသင့်နေပြီ။ လုပ်လို့လည်းရတယ်။ စည်ပင်သာယာကနေ ဈေးတွေကို ပြန်ဖွင့်ခွင့်မပေးသေးဘူး။ ဈေးအသေးလေးတွေကိုအချိန်ပိုင်းပြန်ဖွင့်ခွင့်ပေးထားတယ်။ ဒါပေမယ့် မလိုက်နာမှုများတယ်ဆိုရင် စည်ပင်က ဥပဒေနဲ့အညီအရေးယူလို့ရတယ်''ဟုပန်းဘဲတန်းတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦးက ပြောသည်။

သက်ဆိုင်ရာအုပ်ချုပ်ရေးတာဝန်ရှိသူများအနေဖြင့် စည်းကမ်းအား တိရောက်စွာကိုင်တွယ်ဆောင်ရွက်မှုများ ပြုလုပ်သ့င်ကြောင်းလည်း ၎င်းက အကြံပြုပြောဆိုသည်။ လက်ရှိအချိန်တွင် ရန်ကုန်တိုင်း၌စည်းကမ်းလိုက်နာမှု အားနည်းလျက်ရှိသည်ကိုတွေ့ရှိရကြောင်း ၎င်းကပြောသည်။

''ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်တွေက အောက်ပိုင်းတာဝန်ရှိသူတွေအနေနဲ့က ဥပဒေနဲ့ဆောင်ရွက်ခြင်းက အားနည်းချက်တွေတွေ့ရတယ်။Mask မတပ်ဘဲသွားလာနေတာတွေ အများကြီးတွေ့ရတယ်။ လက်ရှိ အောက်ပိုင်းအခြေခံအဖွဲ့တွေက ထိထိရောက်ရောက်အရေးယူမယ်ဆိုရင် ပြည်သူတွေက လေးလေးနက်နက်နဲ့စည်းကမ်းချက်တွေကို လိုက်နာနိုင်မယ်လို့ထင်တယ်။ နောက်တစ်ခုက အားနည်းချက်တွေရှိလာရင် ဒီ COVID-19 က ကူးစပ်မြန်ပေမယ့် ပြည်သူတွေကလည်း မျက်ကမ်းသစ္ဆေမကြောက်ဖြစ်နေတယ်။ ဥပဒေအရ ပညာပေးမယ်၊ သတိပေးမယ် မရရင်တော့ ဥပဒေအရ လုပ်စေချင်တယ်''ဟုပြည်သူ့ပါတီ(PP)၏ ရန်ကုန်တိုင်းဒေသကြီး ဒုတိယဥက္ကဌ ဦးမျိုးခင်(မုန်းခက်)ကပြောသည်။

ထို့ပြင် ကိုဗစ်နှင့်ပတ်သက်၍ သက်ဆိုင်ရာကျန်းမာရေးဌာန၏ ထုတ်ပြန်ချက်များအား တိုင်းဒေသကြီးအဆင့်ရှိ တာဝန်ရှိသူများအနေဖြင့် လေးနက်စွာထိန်းကျောင်းကျပ်မတ်ခြင်းဖြင့်ဆောင်ရွက်ပါက ရောဂါပြန့်ပွားမှုအား ထိန်းချုပ်နိုင်မည်ဖြစ်ကြောင်း၎င်းက အကြံပြုပြောဆိုသည်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့်နှာခေါင်းစည်း၊ မျက်နှာအကာများအားစနစ်တကျတပ်ထားခြင်းမရှိသော ဈေးရောင်းသူများထံမှ ပစ္စည်းများနှင့် အစားအသောက်များ ဝယ်ယူခြင်း မပြုကြရန်လည်း တိုက်တွန်းထားသည်။

အဆိုပါကိစ္စများနှင့်ပတ်သက်၍လည်းဈေးတာဝန်ခံများ၊ ဈေးကြီးကြပ်သူများနှင့်တာဝန်ရှိသူများအနေဖြင့် နှာခေါင်းစည်း(Mask)နှင့် မျက်နှာအကာ(Face Shield)စနစ်တကျတပ်ဆင်ခြင်းမရှိသော ဈေးရောင်းသူများအား ဈေးရောင်းချခွင့်မပြုရန်အတွက်ကြီးကြပ်ဆောင်ရွက်ပေးရန် တိုက်တွန်းနှိုးဆော်ထားသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး