ဝါရှင်တန် ဒီဇင်ဘာ ၁၂ - အမေရိကန်နိုင်ငံတွင် ဒီဇင်ဘာ ၁၁ ရက်၌ COVID-19 ကာကွယ်ဆေး ပထမဆုံး စတင်အသုံးပြုခွင့်ပေးရန် ခွင့်ပြုလိုက်ပြီးနောက် ၂၄ နာရီအတွင်း ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်နိုင်ပြီဖြစ်ကြောင်း သမ္မတဒေါ်နယ်ထရမ့်က ပြောကြားခဲ့သည်။
အမေရိကန်သည် Pfizer မှ ထုတ်လုပ်သော COVID-19 ကာကွယ်ဆေးအား အရေးပေါ်အသုံးပြုခွင့်ပေးလိုက်ခြင်းဖြစ်သည်။ နောက်ဆုံးအဆင့်စမ်းသပ်မှု အချက်အလက်များအရ ၉၅ ရာခိုင်နှုန်း ထိရောက်မှုရှိသော Pfizer-BioNTech မှ ထုတ်လုပ်သည့် ကာကွယ်ဆေးအား တရားဝင်ခွင့်ပြုပေးခဲ့ခြင်းဖြစ်ကြောင်း အမေရိကန် အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ရေးဌာန (FDA) က ပြောကြားခဲ့သည်။
FDA ၏ ထုတ်ပြန်ချက်အရ အသက် ၁၆ နှစ်နှင့်အထက် မည်သူမဆို ကာကွယ်ဆေးထိုးနိုင်ကြောင်း သိရသည်။ ကာကွယ်ဆေးအရေအတွက် ၂ ဒသမ ၉ သန်းကို စတင်ထိုးနှံမည့် ပထမအသုတ်တွင် ကျန်းမာရေးဝန်ထမ်းများ၊ အသက်အရွယ်ကြီးရင့်သူများနှင့် ကာလရှည်ဝေဒနာ ခံစားနေရသူများကို ဦးစားပေးမည်ဖြစ်ကြောင်း သိရသည်။
ကာကွယ်ဆေးအား အမေရိကန်ပြည်သူများအားလုံးကို အခမဲ့ထိုးနှံပေးမည်ဖြစ်ခြင်းကြောင်း ကြေညာခွင့်ရသည့်အတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း သမ္မတထရမ့်က တွစ်တာမှတစ်ဆင့် ပြောဆိုခဲ့သည်။ ‘‘ပထမဆုံးကာကွယ်ဆေးက လာမယ့် ၂၄ နာရီအတွင်း ခွင့်ပြုပေးပြီးသား ဖြစ်ပါတော့မယ်။ အမေရိကန်နိုင်ငံသားအားလုံးဟာ ကာကွယ်ဆေးကို အခမဲ့ထိုးနှံခွင့်ရမှာ ဖြစ်တဲ့အကြောင်းကို ကြေညာခွင့်ရလို့ ကျွန်တော် အရမ်းကိုဂုဏ်ယူဝမ်းမြောက်ရပါတယ်။ အမေရိကန်ပြည်ထောင်စုဟာ ဘေးကင်းပြီး လုံခြံမှုအရှိဆုံးဖြစ်တဲ့ COVID-19 ကာကွယ်ဆေးကို ကမ္ဘာပေါ်မှာ ပထမဆုံးထုတ်လုပ်နိုင်တဲ့ နိုင်ငံဖြစ်ပါတယ်။ ဒီကနေ့အောင်မြင်မှုကတော့ အမေရိကရဲ့ အကန့်အသတ်မရှိတဲ့ အလားအလာကောင်းတွေကို ထင်ဟပ်စေပါတယ်’’ ဟု ထရမ့်က တွစ်တာမှတစ်ဆင့် ပြောကြားခဲ့သည်။
ထို့ပြင် အမေရိကန်သည် ကာကွယ်ဆေးဖြန့်ဖြူးရေးနှင့် ထိုးနှံပေးရေးလုပ်ငန်းစဉ်များ ဆောင်ရွက်ရန်အတွက် အဆင်သင့်အနေအထားတွင် ရှိနေပြီဖြစ်ကြောင်း သိရသည်။ သန်းပေါင်းများစွာသော COVID-19 ကာကွယ်ဆေးများကို ရေကြောင်း၊ လေကြောင်း၊ ကုန်းကြောင်းတို့မှတစ်ဆင့် သင့်တော်သလို ဖြန့်ဖြူးပေးသွားမည်ဖြစ်ပြီး အချိန်တိုအတွင်း ရောက်ရှိနိုင်အောင် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် ယခုလတွင်ပင် အမေရိကန်ပြည်သူ သန်းပေါင်းများစွာသည် ကာကွယ်ဆေးထိုးနှံခွင့်ကို ရရှိမည်ဖြစ်ကြောင်း သိရသည်။
အမေရိကန်မှထုတ်လုပ်သော Pfizer-BioNTech ကာကွယ်ဆေးကို ကမ္ဘာပေါ်တွင် ပထမဆုံးအသုံးပြုခွင့်ပေးသောနိုင်ငံမှာ ဗြိတိန်ဖြစ်ခဲ့ပြီး လွန်ခဲ့သည့် ဒီဇင်ဘာ ၈ ရက်တွင် ခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင် Pfizer-BioNTech ကာကွယ်ဆေးကို ကနေဒါ၊ မက္ကဆီကိုနှင့် ဘာရိန်းနိုင်ငံတို့ကလည်း ခွင့်ပြုပေးလိုက်ပြီဖြစ်သည်။

















