ဂျနီဗာ ဒီဇင်ဘာ ၁၂ - ဆေးဝါးထုတ်လုပ်ရေး ကုမ္ပဏီများဖြစ်သည့် Pfizer၊ Moderna နှင့် AstraZeneca တို့မှ ထုတ်လုပ်ထားသော COVID-19 ကာကွယ်ဆေးများကို အရေးပေါ် အသုံးပြု၊မပြုနှင့် ပတ်သက်၍ လာမည့်သီတင်းပတ် အနည်းငယ်အတွင်း၌ ဆုံးဖြတ်ချက်ပေးမည်ဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ဒီဇင်ဘာ ၁၂ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။
လက်ရှိတွင် Pfizer မှ ထုတ်လုပ်သော ကာကွယ်ဆေးအား ဗြိတိန်နှင့် အမေရိကန်တို့တွင် အသုံးပြုခွင့်ပေးလိုက်ပြီဖြစ်ခြင်းကြောင့် WHO အနေဖြင့်လည်း လာမည့်သီတင်းပတ်အတွင်း၌ အရေးပေါ်အသုံးပြုခွင့် ပေးဖွယ်ရှိ ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ထိပ်တန်းသိပ္ပံပညာရှင်တစ်ဦးဖြစ်သူ ဒေါက်တာဆွာမြဆွာမိနာသန်က ပြောကြားခဲ့သည်။
ကာကွယ်ဆေးအား လေ့လာသုံးသပ်ခြင်း မပြုလုပ်နိုင်သည့် အချို့သောတိုင်းပြည်များတွင်လည်း အသုံးပြုခွင့်ရရှိရန်အတွက် WHO က ပံ့ပိုးကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဆွာမိနာသန်က ပြောကြားခဲ့သည်။
လက်ရှိတွင် WHO မှ ဦးဆောင်နေသော ကာကွယ်ဆေးအစီအစဉ် COVAX တွင် ကာကွယ်ဆေးအရေအတွက် တစ်ဘီလီယံနီးပါး ရရှိထားပြီး ဝင်ငွေအလယ်အလတ်ရှိသော နိုင်ငံများနှင့် ဝင်ငွေနိမ့်ပါးသော နိုင်ငံများအတွက် ကာကွယ်ဆေးခွဲတမ်းရရှိနိုင်ရန် ကြိုးစားဆောင်ရွက်ပေးမည်ဖြစ်ကြောင်း WHO အကြီးအကဲ ဒေါက်တာ တဲဒရို့စ်အဒါနွန်ဂျီဘရီယဲဆပ်စ်က ပြောကြားခဲ့သည်။ သို့သော် ကာကွယ်ဆေးအား တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် ဖြန့်ဖြူးပေးနိုင်ရန်မှာ အချိန်ကြာမြင့်ဦးမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ကာကွယ်ဆေးရရှိလာခြင်းကြောင့် ကပ်ရောဂါကြီးကို အောင်မြင်နိုင်ရန် မျှော်လင့်ချက်ရရှိလာပြီဖြစ်သော်လည်း ရရှိလာသည့် ကာကွယ်ဆေးကို လက်တွေ့မြေပြင်တွင် ထိရောက်စွာအသုံးချနိုင်မှသာလျှင် အောင်မြင်မှုရရှိမည်ဖြစ်ကြောင်း WHO အရေးပေါ်တုံ့ပြန်ရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင် ဒေါက်တာမိုက်ခ်ရိုင်ယန်က ပြောကြားခဲ့သည်။

















