ဒီချုပ်ပါတီက တိုင်ကြားမည့် ရွေးကောက်ပွဲတရားမဲ့ပြုကျင့်မှု ငါးမှုခန့်ရှိဟု ဒေါက်တာ မျိုးညွန့်ပြော

ဒီချုပ်ပါတီက တိုင်ကြားမည့် ရွေးကောက်ပွဲတရားမဲ့ပြုကျင့်မှု ငါးမှုခန့်ရှိဟု ဒေါက်တာ မျိုးညွန့်ပြော

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (ဒီချုပ်)ပါတီ အနေဖြင့် ရွေးကောက်ပွဲဆိုင်ရာ တရားမဲ့ပြုကျင့်မှုအဖြစ် အမှုငါးမှုခန့်အား ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံ တိုင်ကြားရန် ဆောင်ရွက်နေကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ပြောသည်။

၎င်းက “ကိုယ်စားလှယ်လောင်း ကန့်ကွက်ဖို့ က အခုအထိတော့ ကန့်ကွက်လွှာတင်ဖို့ တချို့လည်းပြင်ဆင် နေတာ ၅ မှု တော့ ရှိပါတယ်။ ကြံ့ခိုင်ရေးပါတီကို ကန့်ကွက်မှုပါ။ ကန့်ကွက်တာက တရားမဲ့ပြုကျင့်မှုအတွက် ကန့်ကွက်မှာပါ” ဟုပြောသည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်သည် ၂၀၂၀ ရွေးကောက်ပွဲတွင် အနိုင်ရပြီးနောက် ပထမဆုံးအကြိမ်ပြုလုပ်သည့် ဗဟို အလုပ်အမှုဆောင် အစည်းအဝေးအပြီးတွင် သတင်းထောက်များကို အထက်ပါအတိုင်း ပြောကြားခြင်းဖြစ်သည်။

မည်သည့် မြို့နယ်များအတွက် တိုင်ကြားသွားမည်ဆိုသည်ကိုမူ မပြောနိုင်သေးကြောင်းနှင့် အခြား ရဲအရေးပိုင်သည့် ရာဇဝတ်မှုဆိုင်ရာ တိုင်ကြားမှုများလည်း ရှိသေးကြောင်း ၎င်းက ဆက်ပြောသည်။

ဒေါက်တာမျိုးညွန့်က “အဲ့ဒါတော့ ကျွန်တော်တို့ မပြောလိုပါဘူး။ တခြား ရာဇဝတ်မှုအနေနဲ့ စွဲထားတာကော ၁၂ မှုလောက်ရှိပါတယ်။ အားလုံးပေါင်းရင်ပေါ့နော်’ ဟု ပြောသည်။

ပြည်ခိုင်ဖြိုး ပါတီဘက်ကလည်း ရွေးကောက်ပွဲဆိုင်ရာ တရားမဲ့ပြုကျင့်မှုများအဖြစ် အမှု ၅၀ ကျော်လောက်အထိ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံ တိုင်ကြားသွားရန် ရှိနေကြောင်း နှင့် တိုင်ကြားမှုများ ကိုင်တွယ်ဆောင်ရွက်သွားမည့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အသစ်အနေနှင့်လည်း တရားမျှတစွာ ဆောင်ရွက်ပေးရန် ဒီဇင်ဘာ ၁၁ ရက်နေ့က ပြုလုပ်သည့်သတင်းစာရှင်းလင်းပွဲတွင် ပြည်ခိုင်ဖြိုးပါတီက ထုတ်ဖော်ပြောဆိုထားသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC ကို တိုက်ရိုက်တိုင်ကြားမည့် ရွေးကောက်ပွဲဆိုင်ရာ တရားမဲ့ပြုကျင့်မှုများသည် ရွေးကောက်ပွဲပြီးနောက် ၄၅ ရက်အတွင်း တိုင်ကြားရမည်ဖြစ်သောကြောင့် ဒီဇင်ဘာ ၂၃ ရက်နေ့ နောက်ဆုံးထားတိုင်ကြားကြရမည် ဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး