လီမာ ဒီဇင်ဘာ ၁၂ - အစမ်းသပ်ခံ စေတနာ့ဝန်ထမ်းတစ်ဦးတွင် အာရုံကြောဆိုင်ရာ ပြဿနာများ ဖြစ်ပေါ်လာခြင်းကြောင့် တရုတ်ကုမ္ပဏီ Sinopharm မှ ထုတ်လုပ်သော COVID-19 ကာကွယ်ဆေး နောက်ဆုံးအဆင့်စမ်းသပ်ခြင်းအား ပီရူးနိုင်ငံတွင် ယာယီရပ်ဆိုင်းလိုက်ကြောင်း ရိုက်တာသတင်းဌာနက ဒီဇင်ဘာ ၁၂ ရက်တွင် ဖော်ပြသည်။
တရုတ်နိုင်ငံထုတ် Sinopharm ကာကွယ်ဆေးအား အစမ်းသပ်ခံတစ်ဦးထံ ထိုးနှံလိုက်ပြီးနောက် မိနစ်ပိုင်းအကြာတွင် လက်မောင်းသည် ခက်ခဲစွာလှုပ်ရှားနေရပြီး ပုံမှန်မဟုတ်သော အခြေအနေတစ်ရပ် ဖြစ်ပေါ်ခဲ့ခြင်း ကြောင့် လူသားစမ်းသပ်မှုကို ပီရူးအမျိုးသားကျန်းမာရေးဌာနက ယာယီရပ်ဆိုင်းလိုက်ကြောင်း ရိုက်တာက ဖော်ပြခဲ့သည်။
‘‘လွန်ခဲ့တဲ့ ရက်အနည်းငယ်က စမ်းသပ်မှုအရ အစမ်းသပ်ခံ စေတနာ့ဝန်ထမ်းတစ်ဦးမှာ Guillain – Barre Syndrome လို့ခေါ်တဲ့ အာရုံကြောနဲ့ပတ်သက်တဲ့ ပြဿနာတစ်ခုပေါ်ပေါက်ခဲ့တယ်လို့ ကျန်းမာရေးအာဏာပိုင်တွေကို ကျွန်တော်တို့ အကြောင်းကြားခဲ့ပြီးဖြစ်ပါတယ်’’ ဟု သုတေသနပညာရှင်တစ်ဦးက ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့သည်။
Guillain – Barre Syndrome ရောဂါလက္ခဏာမျိုးမှာ လူသားတစ်ဦးမှတစ်ဦးထံ ကူးစက်မှုမရှိသလောက် ရှားပါးသည် ရောဂါအမျိုးအစားဖြစ်ပြီး လက်နှင့်ခြေထောက်များ လှုပ်ရှားရခက်သော အကြောသေသည့် ရောဂါပုံစံမျိုးဖြစ်ကြောင်း သိရသည်။ အစမ်းသပ်ခံတစ်ဦးတွင် Sinopharm ကာကွယ်ဆေးထိုးသွင်းပြီးနောက် ယင်းကဲ့သို့ ရောဂါလက္ခဏာမျိုး ဖြစ်လာခဲ့ခြင်းကြောင့် လူသားစမ်းသပ်မှုများကို ယာယီဆိုင်းငံ့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

















