ထိုင်းနိုင်ငံသို့ တရားမဝင်ခိုးဝင်သည့် မြန်မာနိုင်ငံသား ၁၁ ဦးဖမ်းဆီးခံရ

ထိုင်းနိုင်ငံသို့ တရားမဝင်ခိုးဝင်သည့် မြန်မာနိုင်ငံသား ၁၁ ဦးဖမ်းဆီးခံရ

မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့မှထိုင်းနိုင်ငံ မဲဆောက်မြို့သို့ သောင်ရင်းမြစ်ကိုဖြတ်ကျော်ခိုးဝင်သည့် မြန်မာနိုင်ငံသား ၁၁ ဦးအား ဒီဇင်ဘာ ၁၁ ရက် ညပိုင်းက ထိုင်းနယ်ခြားစောင့်တပ်မှ ဖမ်းဆီးလိုက်ကြောင်းသိရသည်။

COVID-19 ကပ်ရောဂါဘေးကာလအတွင်း နယ်စပ်များမှတစ်ဆင့်ထိုင်းနိုင်ငံတွင်းခိုးဝင်လာသူများအားဖမ်းဆီးလျက်ရှိပြီး အသစ်ပြြာန်းလိုက်သည့်ဥပဒေဖြင့် အရေးယူလျက်ရှိကာပြစ်ဒဏ်နှင့်ဒဏ်ကြေးငွေသည် အနည်းဆုံး ထိုင်းဘတ်ငွေတစ်သိန်းနှင့် ထောင်ဒဏ်နှစ်လဖြစ်ကြောင်း သိရသည်။

''ကိုဗစ်ကပ်ရောဂါဘေးကာလမှာမလိုလားအပ်တာတွေ မဖြစ်ရလေအောင် ထိုင်းဘက်က သူ့နယ်စပ်ကိုပိတ်ထားတယ်။ ခိုးဝင်လာတဲ့သူတွေကလည်း အခုတစ်လော မကြာခဏဖမ်းဆီးရမိနေတယ်။ ထိုင်းနယ်စပ်စည်းတွေမှာ လုံခြုံရေးတွေတင်းကြပ်ထားရဲ့သားနဲ့ အခုလိုခိုးဝင်နေကြတာ မြန်မာတွေတော်တော်စွန့်စားကြတာပဲ''ဟု ထိုင်းဘက်မှတာဝန်ရှိသူတစ်ဦးကပြောသည်။

ယခုရက်ပိုင်းအတွင်း မြန်မာဘက်ခြမ်းမှတစ်ဆင့် သောင်ရင်းမြစ်ကိုဖြတ်ကျော်ကာ မဲဆောက်ဘက်ခိုးဝင်လာသူများကို ထိုင်းနယ်ခြားစောင့်တပ်ဖွဲ့ဝင်များ မကြာခဏဖမ်းဆီးရမိလျက်ရှိသည်။ ထိုင်းဘက်ခြမ်း မဲဆောက်ဘက်သို့ခိုးဝင်လာ၍ ဖမ်းဆီးခံရသူများသည်အချိန်ကုန်ငွေကုန် လူပမ်းဖြစ်ကြရသည့်အပြင် ငွေဒဏ်နှင့် ထောင်ဒဏ်များကိုလည်း ကျခံရမည်ဖြစ်သည်။

''ကိုဗစ်ရောဂါမဖြစ်ခင်က မြန်မာအလုပ်သမားတွေနေရပ်ပြန်ရင် အများဆုံးတစ်လပဲလေ။ အခု ၂ဝ၁၉ မတ်လကနေပြီး ပြန်သွားကြတဲ့မြန်မာအလုပ်သမားတွေဟာ လုပ်ငန်းခွင်ပြန်လာချင်နေကြပြီဖြစ်တာကြောင့် ထိုင်းကလည်းကိုဗစ်ရောဂါကြောင့် ပြည်တွင်းဝင်ခွင့်ကို တရားဝင်ခွင့်မပြုဘူး။ မြန်မာအလုပ်သမားတွေကလည်း အလုပ်မရှိကြတော့ လုပ်ငန်းခွင်ပြန်သွားချင်ကြတဲ့အတွက် တရားမဝင်ခိုးဝင်ကြတာဖြစ်ပါတယ်။ အခုဆိုရင် တရားမဝင်ဘဲခိုးဝင်လာတဲ့ မြန်မာအလုပ်သမားတွေဖမ်းခံရတာ ထောင်ချီပြီးရှိနေပါပြီ''ဟု ထိုင်း(လဝက)တာဝန်ရှိသူတစ်ဦးက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး