မုံရွာမြို့အခြေစိုက် Eleven Media Group ၏သတင်းထောက် ကိုစိုးမိုးထွန်းလုပ်ကြံသတ်ဖြတ်ခံရသည်မှာ ၄ နှစ်ပြည့်ပြီဖြစ်သော်လည်း အမှုမှန်မပေါ်ပေါက်သေးသည့်အပြင် အမှုကွင်းဆက်ပင် မေးမရသည့်အခြေအနေရောက်နေကြောင်း မုံရွာမြိုအခြေစိုက်သတင်းထောက်များက ပြောသည်။
''ကိုစိုးမိုးအမှုက တောထဲမှာအသတ်ခံရတာလည်း မဟုတ်ဘူး။ စစ်ပွဲမှာအသတ်ခံရတာလည်းမဟုတ်ဘူး။ မြို့လည်ခေါင်မှာ လုပ်ကြံခံလိုက်ရတာပါ။ ဒါအကွက်ကျကျ လုပ်ကြံခံရတယ်လို့ သတင်းအသိုင်းအဝိုင်းက ယူဆနေတယ်။ အစိုးရရဲ့သက်တမ်းတစ်ဆက်လည်းကုန်ခါနီးပြီ။ ဒီအမှုကိုကိုင်တွယ်တဲ့ ရဲဌာန၊ စသုံးလုံး၊ စတာတွေလည်း အမှုကွင်းဆက်ပြတ်နေပြီ။ အမှုကို ပိတ်လားမပိတ်လား ဆက်လက်စုံစမ်းနေဆဲလားဆိုတာ ကျွန်တော်တို့သိခွင့်မရဘူး။ ဒီအမှုမှာ လှုပ်ရှားမှုတစ်ခုအနေနဲ့ ဒီနှစ် ၄ နှစ်ပြည့်မှာလုပ်မယ်ဆိုပြီးစီစဉ်ခဲ့ပေမယ့် ကိုဗစ်ကြောင့် ခွင့်ပြုချက်မရခဲ့ဘူး။ ကျွန်တော်တို့က ဒီလိုနေ့မျိုးတွေမှကိုစိုးမိုးရဲ့အမှုကို တွန်းအားလုပ်တာ မဟုတ်ပါဘူး။ တစ်နှစ်ပတ်လုံး တွန်းအားလုပ်နေတယ။် တရားဥပဒေစိုးမိုးရေးရဲ့အဓိကစိန်ခေါ်မှုတစ်ရပ်ဖြစ်နေပါတယ်။ ဒီအမှုကြီးမပေါ်တာ ကျွန်တော်တို့မီဒီယာတွေ မလုံခြုံဘူးလို့ ခံစားရတယ်" ဟုမုံရွာဂေဇက်ဂျာနယ်တာဝန်ခံအယ်ဒီတာ ကိုသစ္စာက ပြောသည်။
သတင်းထောက်ကိုစိုးမိုးထွန်းသည် ၂ဝ၁၆ ခု ဒီဇင်ဘာ ၁၃ ရက်ညပိုင်းက လုပ်ကြံသတ်ဖြတ်ခြင်းခံရပြီး ဒီဇင်ဘာလ ၁၉ ရက်တွင် စစ်ကိုင်းတိုင်းအစိုးရဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်နှင့်ဇနီးက ကိုစိုးမိုးထွန်း၏ နေအိမ်သို့ရောက်လာပြီး အားပေးစကားပြောဆိုခြင်း၊ နာရေးကူငွေပေးအပ်ခြင်းများ ပြုလုပ်ခဲ့သည်။ ထိုသို့လာရောက်စဉ် အမှုမှန်အမြန်ပေါ်ပေါက်ရေးအတွက် ဝန်ကြီးချုပ်အနေဖြင့် ညွှန်ကြားထားသည့်အပြင် မင်းမဲ့စရိုက်ဆန်မှုကို လုံးဝလက်ခံမည်မဟုတ်ကြောင်းလည်း ကိုစိုးမိုးထွန်း၏မိသားစုနှင့် သတင်းထောက်များရှေ့တွင် ပြောကြားခဲ့သည်။
''ဒီအမှုနဲ့ပတ်သက်လို့ ၄ နှစ်ကာလလည်း ရောက်သွားပြီ။ တရားဥပဒေစိုးမိုးရေးကိုဦးစားပေးပြီးဆောင်ရွက်မယ်လို့ ကြွေးကြော်ထားတဲ့အချိန်မှာ ဒီအမှုက အခုအချိန်အထိဘာမှအစအနမရဘူး။ ဒီအမှုတွဲနဲ့ပက်သက်လို့ ကိုင်ဆောင်ခဲ့တဲ့သူတွေက သုံးနှစ်တစ်ကြိမ် ပြောင်းနေကြတဲ့အချိန်မှာ ရဲဝန်ထမ်းတွေဟာ အမှုပေါ်ဖို့ဆိုတာထက် သူတို့ သုံးနှစ်ပြည့်ရင်ပြောင်းရမှာပဲဆိုပြီးတော့ အသိတစ်ခုဝင်နေတယ်။ အခုဘယ်လိုအမှုမျိုးမှာမှအားထည့်စုံစမ်းတာဖော်ထုတ်တာမျိုး သိပ်မရှိတော့ဘူးလို့ တွေ့ရတယ်။ ရဲဝန်ထမ်းတွေကသုံးနှစ်တစ်ကြိမ်ပြောင်းနေမယ်ဆိုရင် ဒီအမှုတွေကပေါ်ဖို့ ဝေးသထက်ဝေးနေမယ်လို့မှတ်ယူတယ်။ အဓိကအမှုမပေါ်ရခြင်းအကြောင်းက ရဲဝန်ထမ်းတွေက ပြောင်းလဲနေလို့ပဲ။ စိုးမိုးထွန်းဖြစ်တဲ့အချိန်တုန်းက ရဲဝန်ထမ်းတွေ တစ်ယောက်မှ မုံရွာမှာမရှိတော့တာ''ဟု VOM မုံရွာအခြေစိုက်သတင်းထောက ကိုတိုးကြီးက ပြောသည်။
သတင်းထောက်ကိုစိုးမိုးထွန်း လုပ်ကြံခံရအပြီး တစ်နှစ်အကြာတွင် အမှုမှန်မပေါ်ပေါက်သေးသည့်အတွက် အမှုမှန်အမြန်ဆုံးဖော်ထုတ်ပေးရန် ကိုစိုးမိုးထွန်းမိသားစုဝင်များနှင့်ဇနီးဖြစ်သူက စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်ထံ စာတင်ပြတောင်းဆိုခဲ့သော်လည်းထူးခြားမှုမရှိခဲ့ပေ။
''အမှုမပေါ်တာ အရုပ်ဆိုးတယ်။ မကောင်းဘူး။ အမှုကို ဖော်ထုတ်ပေးစေချင်တယ်။ကျွန်မတို့စစ်ကိုင်းတိုင်းမှာ မနှစ်က ဟုမ္မလင်းကသတင်းထောက်တစ်ယောက်ပျောက်သွားတယ်။ ရဲရဲရင့်ရင့်နဲ့ သတင်းတွေရေးတတ်တဲ့ သတင်းထောက်ပါ။ သူ့ရဲ့ပျောက်ဆုံးမှုကိုဘယ်သူကမှ ဂရုမစိုက်ကြဘူး။ အမေ့လျော့ခံနေရတယ်။ သတင်းထောက်တွေအပေါ်မှာအသတ်ခံရတာမျိုး အခြိမ်းခြောက်ခံရတာမျိုးက မကောင်းတဲ့ပုံရိပ်တွေပါ။ ဒီမိုကရေစီနိုင်ငံတော်အဖြစ်သွားမယ်ဆိုရင် ဒါတွေကို ဝိုင်းဝန်းဖြေရှင်းရမယ်''ဟု The Voices မုံရွာအခြေစိုက်သတင်းထောက် မခင်မေစန်းက ပြောသည်။
ကိုစိုးမိုးထွန်းအမှုနှင့်ပတ်သက်၍ အမှုမှန်အမြန်ဆုံးပေါ်ပေါက်စေလိုကြောင်း၊လူသတ်မှုတွင် နောက်ကွယ်မှကြိုးကိုင်စေခိုင်းသူကို ရဲတပ်ဖွဲ့ကဖော်ထုတ်ဖမ်းပေးရန်လိုပြီးဥပဒေအတိုင်းလုပ်ပါက ၎င်းအနေဖြင့် ရပ်တည်ပေးမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်က ၂ဝ၁၆ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်က ကိုစိုးမိုးထွန်း နာရေးသတင်းလာရောက်မေးမြန်းစဉ်ရဲတပ်ဖွဲ့ကို ပြောဆိုခဲ့သည်။
















