ချင်းပြည်နယ်၌ သစ်ခွ၊ တောင်ဇလပ်၊ ချယ်ရီအပင်များကိုစည်းကမ်းမဲ့ခုတ်ယူမှုများအား ထိရောက်စွာ အရေးယူမည်

ချင်းပြည်နယ်၌ သစ်ခွ၊ တောင်ဇလပ်၊ ချယ်ရီအပင်များကိုစည်းကမ်းမဲ့ခုတ်ယူမှုများအား ထိရောက်စွာ အရေးယူမည်

ချင်းပြည်နယ်၏ အမှတ်အသားတစ်ခုဖြစ်သည့် သစ်ခွပင်များ၊ တောင်ဇလပ်ပင်များနှင့် ချယ်ရီပင်များကိုခုတ်ယူခြင်း၊ အဖူးအပွင့်ကို စည်းကမ်းမဲ့စွာ အကိုင်းချိုင် အပင်ခွာယူသူများကိုပြည်နယ်သစ်တောဌာနက ထိရောက်စွာအရေးယူသွားမည်ဖြစ်ကြောင်း တီးတိန်မြို့နယ် သစ်တောဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

''ကျွန်တော်တို့ ချင်းတောင်မှာနေရာအနှံ့ပေါက်ရောက်နေတဲ့ သစ်ခွ၊တောင်ဇလပ်နဲ့ ချယ်ရီပင်တွေကို စည်းကမ်းမဲ့စွာ ခုတ်ယူသူတွေကို ကျွန်တော်တို့ သစ်တောဌာနက သစ်တောဥပဒေနဲ့ထိရောက်စွာအရေးယူတော့မှာဖြစ်ပါတယ်၊ နှစ်စဉ် ချယ်ရီပန်းအတွက်၊တောင်ဇလပ်ပန်းအတွက် အကိုင်းချိုင်၊အပင်ခုတ်ယူမှုကြောင့် ကားလမ်းဘေးမှာပေါက်ရောက်တဲ့ ချယ်ရီတောင်ဇလပ်ပင်တွေ မရှိသလောက် ရှားလာပြီဖြစ်ပါတယ်၊ သစ်ခွဆိုရင်လည်း အပင်မြင့်မှာရှိတဲ့သစ်ခွကို သစ်ပင်ကြီးပါ ခုတ်ပြီးသစ်ခွကို ခွာယူတဲ့အတွက် အပင်ကြီးတွေ အလဲလဲအပြိုပြို ဖြစ်ရပါတယ်။ချင်းပြည်နယ်ရဲ့ အမှတ်တရအပင်တွေဖြစ်တဲ့အတွက် အခုနှစ်မှာ အထူးကြပ်မတ်ပြီး စောင့်ရှောက်မှုတွေ ဆောင်ရွက်နေပါတယ်''ဟု ၎င်းကပြောသည်။

ချင်းပြည်နယ်တွင် သစ်ခွပင်၊ တောင်ဇလပ်ပင်နှင့် ချယ်ရီပင် အများဆုံးပေါက်ရောက်သည့်နေရာများမှာ ချင်းပြည်နယ်တောင်ပိုင်းရှိ ကနေဒီတောင်ဝန်းကျင်၊ လေသာတောင်နှင့် ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၆ဝဝဝ ကျော်မြင့်မားသည့် သိုင်းငင်းရွာဝန်းကျင်၊ဖလမ်းမြို့ဝန်းကျင်နှင့် ဟားခါးမြို့ဝန်းကျင်၊ ထန်တလန်မြို့ဝန်းကျင်၊ ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်မြို့ဝန်းကျင်၊ နတ်မတောင်နှင့် မင်းတပ်မြို့၊မတူပီမြို့ဝန်းကျင်များတွင် ပေါက်ရောက်မှုများပြားခြင်းဖြစ်သည်။

ချင်းပြည်နယ်တွင် ရှေးအခါကစတင်ခဲ့သည့် ရွှေ့ပြောင်းတောင်ယာကြောင့်လည်းကောင်း၊ပွင့်လင်းခြောက်သွေ့ရာသီတွင် တောမီးကြောင့်လည်းကောင်း၊ စည်းကမ်းမဲ့သစ်ခုတ်သူများကြောင့်လည်းကောင်း၊ ချင်းတောင်တွင်သစ်တောပြုန်းတီးမှုများ ဖြစ်ရကြောင်း၎င်းက ဆက်လက်ပြောကြားသည်။

ချင်းပြည်နယ်သစ်တောဌာနမှ ထုတ်ပြန်သည့်စာရင်းဇယားများအရ ချင်းပြည်နယ်တွင် လယ်ယာဥယျာဉ်ခြံမြေစိုက်ပျိုးမြေ ၂၂၃,၇၆၄ ဧကကျော်ရှိပြီးကြိုးဝိုင်းကာကွယ်တော ၁,၄၈၃,၁ဝ၆ ဧက၊ တောရိုင်းမြေ ၁,၁၄ဝ,၇၁ဝ ဧက၊မြေရိုင်း ၃,ဝ၅၅,၈ဝ၉ ဧက၊ စိုက်ပျိုးခြင်းမပြုနိုင်သောမြေ ၃,ဝဝ၈,၁၁၅ ဧကရှိကြောင်း သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး