မြဝတီမြို့တွင် ထိုင်းနိုင်ငံဘက်ခြမ်း သောင်ရင်းမြစ်အားဖြတ်ကျော်၍ တရားမဝင် တင်သွင်းထားသည့် မော်တော်ယာဉ် ၁၄၇ စီးအားနှစ်ရက် အတွင်း သိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။
တရားမဝင်တင်သွင်းထားသည့် မော်တော်ယာဉ်များကို ဒီဇင်ဘာ ၁၁ ရက်၌ ပူးပေါင်းအဖွဲ့ကဖမ်းဆီးခဲ့ရာ အကောက်ခွန်မဲ့ မော်တော်ယာဉ် ၇၇ စီး သိမ်းဆည်းနိုင်ခဲ့ပြီး ဒီဇင်ဘာ ၁၂ ရက်တွင် ဆက်လက်ဖမ်းဆီးရာ လိုင်စင်မဲ့မော် တော်ယာဉ်နှင့် ဘက်ဟိုးစက်များအပါအဝင်စုစုပေါင်း ၁၄၇ စီးအား သိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။
ဒီဇင်ဘာ ၁၁ ရက် မွန်းလွဲ ၃ နာရီအချိန်ကမြဝတီခရိုင် ရဲတပ်ဖွဲ့မှူး ဒု/ရဲမှူးကြီးပြည့်စုံနှင့်ရဲတပ်ဖွဲ့ဝင်များ၊ မြဝတီရှေ့တန်းမှူး၊ အမှတ် ၃၁ဝ ခြေမြန်တပ်ရင်းမှ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးသန်း ဝင်းနိုင်ဦးဆောင်သည့် တပ်မတော်သားများ၊သက်သေ ဆယ်အိမ်မှူး ရာအိမ်မှူးများပါဝင်သော ပူးပေါင်းအဖွဲ့သည် အကောက်ခွန်မဲ့မော်တော်ယာဉ်များအား သိုလှောင်ထားသောဂိုထောင်နှင့်ခြံဝင်းများအတွင်း လိုက်လံဝင်ရောက်ရှာဖွေပြီး လိုင်စင်မဲ့မော်တော်ယာဉ် ၇၇ စီးကို ဖမ်းဆီးသိမ်းဆည်းခဲ့သည်။
အဆိုပါပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာ ၁၂ရက် နံနက် ၁၁ နာရီချိန်၌ အမှတ်(၄)ရပ်ကွက်၊ချစ်ကြည်ရေးလမ်း၊ မင်းပြည့်စုံကုမ္ပဏီအနီးရှိပိုင်ရှင် ဦးအိမိုင်ခြံဝင်းအား သတင်းအရ ဆက်လက်ဝင်ရောက်ရှာဖွေရာ ယာဉ်ငယ်မျိုးစုံ ၁၉ စီး၊ ကရိန်းယာဉ် ၃ စီး၊ မြေကြီးသယ်ယာဉ်(ဘတ်ဖိုး) ၇ စီး၊ ဘိလပ်မြေဖျော်စက်(အုံးမွှေးလုံး)၂ စီး၊ ဆီဘောက်ဆာယာဉ် ၃ စီး၊ ယာဉ်ကြီးမျိုးစုံ ၃၆ စီး၊ စုစုပေါင်း ၇ဝ စီးနှင့် ယာဉ်အခွံအလွတ်(ကောင်း) ၁၉ ခု၊ နောက်တွဲယာဉ်အလွတ်၂ခု၊ ဆီဘောက်ဆာကိုယ်ထည်အလွတ် ၂ ခု၊အင်ဂျင်တုံး (အသေး) မျိုးစုံ ၃၈ လုံး၊ အင်ဂျင်တုံး(အကြီး) မျိုးစုံ ၁ဝ လုံး၊ ဖောက်ကလစ်ယာဉ်(ပစ္စည်းသယ်ယာဉ်) ၃ စီးတို့အား ထပ်မံသိမ်းဆည်းရမိခဲ့သည်။
အဆိုပါ သိမ်းဆည်းရမိပစ္စည်းများနှင့်ပတ်သက်၍ အကောက်ခွန်ဥပဒေဖြင့်အရေးယူဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်အကောက်ခွန်ဦးစီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနတို့နှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
















