သောင်ရင်းမြစ်ကမ်းနဖူး ကမ်းထိန်းနံရံပေါ်တွင် ကျူးကျော်ဆောက်လုပ်ထားသည့်အိမ်များအား ဖယ်ရှားရန်ညွှန်ကြား

သောင်ရင်းမြစ်ကမ်းနဖူး ကမ်းထိန်းနံရံပေါ်တွင် ကျူးကျော်ဆောက်လုပ်ထားသည့်အိမ်များအား ဖယ်ရှားရန်ညွှန်ကြား

မြဝတီမြို့ အမှတ်(၃)ရပ်ကွက်ရှိသောင်ရင်းမြစ်၏ကမ်းထိန်းနံရံများပေါ်တွင်ဆောက်လုပ်နေထိုင်နေသောနေအိမ်ကျူးကျော်တဲများကို သက်ဆိုင်ရာမှ ဒီဇင်ဘာ ၁၃ ရက် နံနက်ပိုင်းကကွင်းဆင်းကြည့်ရှုကာ ဖယ်ရှားရှင်းလင်းရန် စီစဉ်ညွှန်ကြားခဲ့ကြောင်းသိရသည်။

ဒီဇင်ဘာ ၁၃ ရက် နံနက်ပိုင်းကမြန်မာဘက်ခြမ်း သောင်ရင်းမြစ်၏ကမ်းထိန်းနံရံများပေါ်၌ ကျူးကျော်ဆောက်လုပ်ထားသော နေအိမ်တဲများကို မြဝတီမြို့ အမှတ်(၃)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးရွှေတင်နှင့်အဖွဲ့ဝင်များ၊မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးရောဘတ်ထူးနှင့်တာဝန်ရှိသူများမှ ကွင်းဆင်းကြည့်ရှုခဲ့ကြသည်။

''သောင်းရင်းမြစ် မြန်မာဘက်ခြမ်းကမ်းထိန်းနံရံတွေပေါ်မှာ ကျူးကျော်ပြီး နေအိမ်ငါးလုံးဆောက်လုပ်ထားတယ်။ တစ်အိမ်ကတော့ ဆောက်လုပ်နေဆဲ ပေါ့။ ကျွန်တော်တို့ကဒါကို ခွင့်ပြုပေးလို့မရဘူး။ သို့သော်လည်း သောင်ရင်းမြစ်ထဲက နုံးတင်မြေနုကျွန်းတွေမှာစားသုံးသီးပင်တွေ စိုက်ပျိုးခွင့်ပြုပါတယ်။ ခုလိုနေအိမ်တဲတွေဆောက်လုပ်နေထိုင်လို့တော့မရဘူး။ ကြာရင်ကမ်းထိန်းနံရံတွေ ပျက်စီးလာနိုင်သလိုနေအိမ်တဲတွေကိုလည်း သူဆောက်ငါဆောက်နဲ့ တဖြည်းဖြည်းများလာနိုင်တာကြောင့် ဒီနေ့မှာ ကွင်းဆင်းစစ်ဆေးပြီး နေအိမ်တဲတွေကို ပြန်ဖျက်ခိုင်းမှာဖြစ်ပါတယ်။ ပြန်မဖျက်ဘူးဆိုရင်တော့ဥပဒေအရ အရေးယူဆောင်ရွက်သွားမှာပါ''ဟု အမှတ်(၃)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးရွှေတင်က ပြောသည်။

မြဝတီမြို့သည် ထိုင်းနိုင်ငံနှင့်သောင်ရင်းမြစ်သာခြားသော နယ်စပ်မြို့ဖြစ်ပြီး မြစ်ရေစီးကြောင်းများပြောင်းလဲမှုမရှိစေရန် ထိုင်းဘက်ရော မြန်မာဘက်ပါ နှစ်နိုင်ငံနယ်ခြားကော်မတီများ၏သဘောထားတူညီချက်များနှင့်သောင်ရင်းမြစ်အား ကမ်းထိန်းနံရံများပြုလုပ်ခြင်းဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး