ရခိုင်အမျိုးသားတို့၏ အနာဂတ်ဘဝ သာယာဖြောင့်ဖြူးရေးတို့ကို ဖော်ဆောင်ရာတွင် ရခိုင်တိုင်းရင်းသားများနှင့်အတူ ထာဝစဉ်လက်တွဲဖော်ဆောင်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP)ပါတီဥက္ကဌ ဦးသန်းဌေးကရခိုင်ပြည်နယ်နေ့သို့ပေးပို့သည့် သဝဏ်လွှာ၌ ထည့်သွင်းပြောဆိုထားသည်။
ဒီဇင်ဘာ ၁၅ ရက်တွင်ကျရောက်မည့် (၄၆)နှစ်မြောက် ရခိုင်ပြည်နယ်နေ့အခမ်းအနားအတွက် USDP ပါတီ၏ သဝဏ်လွှာအား ဒီဇင်ဘာ ၁၄ ရက်က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ USDP ပါတီအနေဖြင့် ပြည်ထောင်စုစိတ်ဓာတ်ရှင်သန်ခိုင်မာစေရေး၊ အမျိုးဘာသာ၊ သာသနာထိန်းသိမ်းစောင့်ရှောက်ရေး၊ အမျိုးသားအကျိုးစီးပွားတိုးတက် ခိုင်မာရေး၊ ရခိုင်အမျိုးသားတို့၏ အနာဂတ်ဘဝသာယာဖြောင့်ဖြူးရေးတို့ကို ဖော်ဆောင်ရာတွင် ရခိုင်တိုင်းရင်းသားများနှင့်အတူ ထာဝစဉ်လက်တွဲဖော်ဆောင်သွားမည်ဟုလည်းသဝဏ်လွှာအတွင်း ဖော်ပြထားသည်။
လက်ရှိအချိန်တွင် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးရရှိရန်အတွက်ကြိုးပမ်းဆောင်ရွက်နေသည့်အချိန်အခါ ဖြစ်ကြောင်း၊ ညီညွတ်မှုစွမ်းအားဖြင့်ဖြေရှင်းရမည့်အစား ပစ်ခတ်တိုက်ခတ်မှုများရှိနေသောကြောင့် ဒေသခံပြည်သူများ၏ အသက်အိုးအိမ်နှင့်စီးပွားဥစ္စာများ ဆုံးရှုံးထိခိုက်လျက်နေရပ်စွန့်စွာ၍ စစ်ဘေးရှောင်စခန်းများတွင် ခိုလှုံနေကြရသဖြင့် လူမှုရေး၊စီးပွားရေးတို့တွင် အဖက်ဖက်မှ ကျဆင်းလျက်ရှိကြောင်း ပြောဆိုထားသည်။
၎င်းတို့အစိုးရလက်ထက်အတွင်း NCA လမ်းကြောင်းအား စတင်အကောင်အဖော်ဆောင်ခဲ့ပြီး ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုတည်ဆောက်နိုင်ရန်အတွက် စတင်အုတ်မြစ်ချပေးခဲ့ပြီဖြစ်ကြောင်းနှင့်လက်ရှိအစိုးရ အနေဖြင့်လည်း ပြည်ထောင်စုတည်ဆောက်နိုင်ရန်အတွက်ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံများကျင်းပ၍ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်းလည်းဆိုသည်။
ရခိုင်ပြည်နယ်နေ့မှသည် အနယ်နယ်အရပ်ရပ်မှ ရခိုင်တိုင်းရင်းသားများနှင့် ပြည်ထောင်စုဖွားတိုင်းရင်းသားညီအစ်ကိုအားလုံး ငြိမ်းချမ်းသာယာပြီးလူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး အတွက် စည်းလုံးညီညွတ်သော စွမ်းအားဖြင့် ဖော်ဆောင်နိုင်စေကြောင်းလည်းဆုတောင်းပေးထားသည်။
















