ချင်းပြည်နယ်တွင် စိုက်ပျိုးရေးလုပ်ငန်းများဖွံ့ဖြိုးလာစေရန်နှင့် ဝေးလံခေါင်သီသော အရပ်ဒေသများတွင် ဘိန်းအစားထိုးသီးနှံဖြစ်စေရေးအတွက် ဝဥစိုက်ပျိုးရေးလုပ်ငန်းအားဆောင်ရွက်ပေးလျက်ရှိကြောင်း ပြည်နယ် အစိုးရအဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောသည်။
ချင်းပြည်နယ်အတွင်းရှိ မြို့နယ်(၉)မြို့နယ်တွင် ဝဥစိုက်ခင်းဧက ၉ဝဝ ကိုလည်းကောင်း၊ဘိန်းအစားထိုးသီးနှံအဖြစ် ဝဥစိုက်ခင်းဧက ၁ဝဝ စုစုပေါင်း ဝဥစိုက်ပျိုးမှုဧက ၁ဝဝဝ ကိုစိုက်ပျိုးစရိတ်ချေးငွေအဖြစ် တစ်ဧကလျှင်ငွေကျပ် ၁၅ သိန်းထုတ်ချေးပေးနိုင်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။
''ကျွန်တော်တို့ချင်းပြည်နယ်က စီးပွားရေးဈေးကွက်ဝင်တဲ့ ဝဥစိုက်ပျိုးထုတ်လုပ်နိုင်ဖို့ဆောင်ရွက်နေပါတယ်။ ဝဥကို စတင်စိုက်ပျိုးချိန်ကနေ(၂)နှစ်အတွင်း ငွေပြန်ပေါ်ပါတယ်၊ တစ်ဧကစိုက်ပျိုးလိုက်ရင် ငွေကျပ် သိန်းလေးငါးဆယ်လောက်ပြန်ကျန်နိုင်တဲ့သီးနှံဖြစ်သလို ဈေးကွက်ထဲမှာလည်း အဝယ်လိုက်တဲ့အတွက် ချင်းပြည်နယ်အတွင်း လူနေမှုဘဝတွေ တိုးတက်လာဖို့အားပေးကူညီတာဖြစ်ပါတယ်''ဟု ချင်းပြည်နယ်အစိုးရတာဝန်ရှိသူတစ်ဦးက ပြောသည်။
ချင်းပြည်နယ်ထွက် ဝဥကို နှစ်စဉ် တစ်နှစ်လျှင် တန်ချိန် ၅ဝဝ ဝယ်ယူရန် တရုတ်ကုမ္ပဏီကစာချုပ်ချုပ်ဆိုထားပြီး ဝဥစိုက်ပျိုးမှုများပြားသည့်ချင်းပြည်နယ်တောင်ပိုင်းတွင် ဝဥအခြောက်ခံစက်များတည်ဆောက်ထားကြောင်း ၎င်းကဆက်လက်ပြောသည်။
ချင်းပြည်နယ် ဝဥထုတ်လုပ်မှုကို သက်ဆိုင်ရာစိုက်ပျိုးရေးဌာန၏ထုတ်ပြန်ချက်များအရ ၂ဝ၁၉-၂ဝ၂ဝ ဘ@ာနှစ်တွင် မင်းတပ်မြို့နယ်တွင် ဝဥစိုက်ပျိုးမှုဧက ၃၅ဝဝ ကျော်၊ မတူပီမြို့နယ်တွင် ဧက ၂ဝဝဝ ကျော်၊ ရေဇွာမြို့နယ်တွင် ဧက ၁၅ဝဝ ကျော်စိုက်ပျိုးထားပြီး ဖလမ်း၊ဟားခါး၊ တီးတိန်၊ ထန်တလန်မြို့နယ်တို့တွင်ဝဥစိုက်ပျိုးဧက ၁ဝဝဝ ရှိကြောင်း သိရသည်။
''ကျွန်တော်တို့မင်းတပ်မြို့နယ်မှာ ဝဥစိုက်ခင်းတွေကနေ ဝဥတွေ စတင်တူးဖော်နေပြီဖြစ်ပါတယ်။ အရောင်းအဝယ် ဈေးကွက်ကတော့ COVID-19 ရောဂါကြောင့် မဖွင့်သေးပါဘူး၊ကလေး၊ မုံရွာ၊ မန္တလေး၊ မူဆယ်ဝယ်လက်တွေလည်း မလာသေးပါဘူး၊ ပြီးခဲ့တဲ့နှစ်တုန်းကတော့ ဝဥအစို တစ်ပိဿာ ၁၂ဝဝ ကျပ်ဝန်းကျင်၊ဝဥ အခြောက်တစ်ပိဿာ ၁ဝဝဝဝ ကျပ်ကျော်အထိ ဈေးရခဲ့ပါတယ်။ အခုနှစ် ဝယ်လက်လည်းမလာသေးတော့ အဖွင့်ဈေး မသိရသေးဘူး''ဟု မင်းတပ်မြို့ဒေသခံ ဝဥစိုက် တောင်သူဦးဟာရိန်ထန်းကပြောသည်။
















