မန္တလေးခရိုင်ရှိ ပရဟိတအဖွဲ့များနှင့် လူမှုကူညီရေးအသင်းများအနေဖြင့် စက်သုံးဆီလိုအပ်ချက် နေ့စဉ်မြင့်တက်လျက်ရှိ

မန္တလေးခရိုင်ရှိ ပရဟိတအဖွဲ့များနှင့် လူမှုကူညီရေးအသင်းများအနေဖြင့် စက်သုံးဆီလိုအပ်ချက် နေ့စဉ်မြင့်တက်လျက်ရှိ

မန္တလေးခရိုင်အတွင်းရှိ COVID-19;အတည်ပြုလူနာများအပြင် ထိတွေ့ဆက်စပ်မှုရှိသူများကို သက်ဆိုင်ရာ Quarantine စင်တာများသို့ ပို့ဆောင်ပေးနေကြသည့် ပရဟိတအဖွဲ့များနှင့်လူမှုကူညီရေး အသင်းများအနေဖြင့်စက်သုံးဆီလိုအပ်ချက်သည် နေ့စဉ်မြင့်တက်လျက်ရှိကြောင်း သိရသည်။

မန္တလေးခရိုင်အတွင်း Stay At Home နေထိုင်ရန် ထုတ်ပြန်ထားသော်လည်း ကိုဗစ်ပိုးတွေ့ရှိသည့် လူနာအရေအတွက်မှာ သိသာစွာလျော့ကျသွားခြင်းမရှိဘဲ ပရဟိတအဖွဲ့များနှင့် လူမှုကူညီရေးအသင်းများအချင်းချင်း ချိတ်ဆက်ကာ လူနာများနှင့် ထိတွေ့ဆက်စပ်သူများကို သက်ဆိုင်ရာမြို့နယ် COVID-19 ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ညွှန်ကြားမှုနှင့်အတူအသွားအလာကန့်သတ်စောင့်ကြည့်ခံမည့် နေရာများသို့ ပို့ဆောင်ပေးလျက်ရှိသည်။

''အနံ့ပျောက်တဲ့သူတွေက အကူအညီတောင်းတဲ့အခါမှာလည်းမန္တလေးအထွေထွေရောဂါကု ဆေးရုံကြီးက Fever Corne ဆီကို ပို့ဆောင်ပေးရပြန်ပါတယ်။ ဒီရက်ပိုင်းမှာဆိုရင်ကူးစက်မှုနှုန်းက များပြားလာတဲ့အတွက်မော်တော်ကားတွေရဲ့ အခေါက်ရေကပိုများလာသလို ကူညီတဲ့သူတွေ ကူးစက်မှုမခံရအောင် ဝတ်ရတဲ့ PPE Level-3 ဝတ်စုံတွေအရေအတွက်ကလည်းယခင်လတွေထက်ကို သိသိသာသာကုန်ကျလာပါတယ်။ ပြည်သူတွေရဲ့လှူဒါန်းမှုတွေနဲ့သာ ပြည်သူတွေကိုပြန်လည်ကူညီနေရတဲ့ ပရဟိတလုပ်ငန်းဖြစ်တာကြောင့်ဒီထက်သာ ကူးစက်မှုနှုန်းတွေများလာမယ်ဆိုရင် ဘယ်အချိန်လောက်အထိကျွန်တော်တို့တွေ ကူညီပေးနိုင်မယ်ဆိုတာတော့ ခန့်မှန်းရခက်နေတဲ့အနေအထားပါ။ ဒါကြောင့် ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနကနေ ထုတ်ပြန်ထားတဲ့စည်းကမ်းချက်တွေအတိုင်းအတိအကျလိုက်နာဆောင်ရွက်ကြဖို့ပဲအလေးအနက် တိုက်တွန်းချင်ပါတယ်။ကျန်းမာရေးဝန်ထမ်းတွေနဲ့အတူ ပရဟိတအဖွဲ့တွေလည်း အရမ်းကို ပင်ပန်းနေကြပါပြီ''ဟု မဟာလူမှုကယ်ဆယ်ရေးအဖွဲ့၏ဥက္ကဌ ဦးသက်ကြီးက ပြောသည်။

ယခုရက်ပိုင်း မဟာလူမှုကယ်ဆယ်ရေးအဖွဲ့၏ ကိုဗစ်ရောဂါကာကွယ်ရေးအဖွဲ့အနေဖြင့် တခြားမြို့နယ်များမှပရဟိတအဖွဲ့များနှင့် ချိတ်ဆက်၍ဆောင်ရွက်မှုအဖြစ် ကိုဗစ်ထိန်းချုပ်ရေးအတွက် မော်တော်ယာဉ်များအသုံးပြုရမှုမှာ တစ်ရက်လျှင် ၃၇ ခေါက်ဝန်းကျင်၊ PPE Level-3 ဝတ်စုံအသုံးပြုရမှု ၄၂ စုံ၊ စက်သုံးဆီအသုံးပြုရမှု ဂါလံ ၅ဝ ဝန်းကျင်အထိရှိလာပြီး Facility Quarantine Center များတွင် နှာခေါင်းတို့ဖတ်နှင့်အာခေါင်တို့ဖတ်ယူရန်အတွက် Mobile Sample Collection (Swab Car) ဖြင့် သွားရောက်ကူညီရယူပေးနေကြောင်း သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး