ရွေးကောက်ပွဲဆိုင်ရာကိုယ်စားလှယ်မဲအတည်ပြုချက်အရ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်သည် ဂျိုးဘိုင်ဒင်ကို တရားဝင် အရေးနိမ့်ခဲ့ရပြီးနောက် ပြည်ထောင်စုရှေ့နေချုပ် ဝီလီယံဘားသည် လာမည့်သီတင်းပတ်တွင် ရာထူးမှ အနားယူတော့မည်ဖြစ်ကြောင်း သိရသည်။
ရွေးကောက်ပွဲတွင် မဲမသမာမှုများရှိနေသည်ဟု ပြောဆိုကာ တရားဥ ပဒေကြောင်းအရ ရင်ဆိုင်ရန်ကြိုးစားခဲ့သော သမ္မတထရမ့်၏ လုပ်ရပ်များ အပေါ် ဒေါသတကြီး တုံ့ပြန်ခဲ့သော ဝီလီယံဘားက လာမည့် ၂၃ ရက်နေ့ တွင် ရာထူးမှ အနားယူတော့မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
သမ္မတထရမ့်နှင့် ၎င်းတို့အကြား ဆက်ဆံရေးတင်းမာမှုကြောင့် ရာထူးမှဖယ်ရှားခြင်းခံရကြောင်း သတင်းများ ထွက်ပေါ်နေသော်လည်း အိမ်ဖြူတော်အသိုင်းအဝိုင်းကမူ လက်ရှိသမ္မတ ဒေါ်နယ်ထရမ့်နှင့် ရှေ့နေ့ ချုပ် ဘားတို့မှာ အခင်အမင်မပျက် ရှိနေကြောင်း ပြောဆိုခဲ့ကြသည်။
ဝီလီယံဘား၏ နေရာတွင် ဒုတိယ ပြည်ထောင်စုရှေ့နေချုပ် ဂျက်ဖ်ရို ဆန်က ဆက်လက်တာဝန်ယူသွားမည်ဖြစ်သည်။ ထို့ပြင် ၎င်းနှင့် ဘားတို့အ ကြား ဆက်ဆံရေးမှာလည်း အလွန်ကောင်းမွန်ဆဲပင် ရှိနေကြောင်း သမ္မတ ထရမ့်က တွစ်တာမှတစ်ဆင့် ပြောကြားခဲ့သည်။
‘’ကျွန်တော်တို့ရဲ့ ဆက်ဆံရေးက အရမ်းကို ကောင်းပါတယ်ဗျာ။ သူက အံ့အားသင့်စရာ လုပ်ဆောင်ချက်တွေကို ဆောင်ရွက်ပြခဲ့သူတစ်ယောက်ပါ’’ ဟု ထရမ့်က တွစ်တာတွင် ရေးသားခဲ့သည်။
ဝီလီယံဘားသည် ၎င်း၏ ဆန္ဒ အလျောက် ရာထူးမှ နုတ်ထွက်သွားခြင်းဖြစ်ကြောင်းလည်း ရိုက်တာသတင်း ဌာနက ရေးသားဖော်ပြခဲ့သည်။

















