မန္တလေးမြို့မှ နေ့စဉ်ထွက်ရှိသည့်စွန့်ပစ်အမှိုက်မျိုးစုံအား သိမ်းဆည်းပေးနိုင်မှုပမာဏ တိုးတက်လာသောကြောင့်လက်ရှိ အသုံးပြုလျက်ရှိသော အမှိုက်ကျင်းများကို အဆင့်မြှင့်တင်မှုများပြုလုပ်ကာသဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် အမှိုက်များကို နိုင်ငံတကာအဆင့်မီ ကြိတ်ခွဲစွန့်ပစ်မည့်စနစ်ကို ပထမဦးဆုံး အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ သိရသည်။
ထိုသို့ အဆင့်မြှင့်တင်မှုလုပ်ငန်းများဆောင်ရွက်ရာတွင် အမှိုက်ကျင်းများကို လက်ရှိဧရိယာထက် ပိုမိုချဲ့ထွင်ခြင်းအပြင် အမှိုက်များမှတစ်ဆင့် Recycle ပစ္စည်းများ ပြန်လည်ထုတ်လုပ်အသုံးပြုနိုင်ရန် စနစ်တကျ စီမံခြင်း၊မီးဘေးအန္တရာယ် ကြိုတင်တားဆီးကာကွယ်ရေးအတွက် မီးတားလမ်းကြောင်းများ ဖောက်လုပ်ခြင်း၊ ကွန်ကရစ်လမ်းခင်းခြင်းတို့ ပါဝင်မည်ဖြစ်၍နိုင်ငံတကာသို့ သွားရောက်လေ့လာခဲ့ကြသည့် စည်ပင်အရာရှိများက ကြီးကြပ်လုပ်ဆောင်ကြမည်ဖြစ်သည်။
အမှိုက်ကျင်းများ၏ ဧရိယာကို လက်ရှိ အကျယ်အဝန်းထက် တိုးချဲ့မှာသာ အမှိုက်သိမ်းယာဉ်များ အဝင်အထွက် မြန်ဆန်လွယ်ကူမှာ ဖြစ်သည့်အတွက် ကြာနီကန်အမှိုက်ကျင်းကို ထပ်မံ တိုးချဲ့နေကြောင်း သိရသည်။ ထို့ပြင် အမှိုက်အမျိုးအစားကို ခွဲခြားနိုင်သည့် စက်များတည်ဆောက်သွားရန် စီစဉ်နေပြီး ပြန်လည် အသုံးပြု (Recycle) လုပ်၍ မရတော့သည့် အမှိုက်များအား ကြိတ်ခွဲစွန့်ပစ်သည့် စနစ်ကို ကျင့်သုံးသွားမည် ဖြစ်ကြောင်း၊ အခြေခံပြင်ဆင်မှုများ စတင်လုပ်ဆောင်လျက်ရှိကြောင်း လည်း သိရသည်။
အမှိုက်ကျင်းရှိ စွန့်ပစ်အမှိုက်များထဲမှ အမှိုက်များကို အမျိုးအစားများခွဲခြား၍ သီးသန့်ရွေးချယ်ကာ Recycle ပစ္စည်းများ ထုတ်လုပ်သွားမည်ဖြစ်ပြီးအမှိုက်သိမ်းယာဉ်များတွင် သတ်မှတ်ပမာဏတန်ချိန်အတိုင်း တင်ဆောင်လာခြင်းရှိမရှိကို ချိန်တွယ်စစ်ဆေးနိုင်ရန်ကတ္တားစခန်းများကို တည်ဆောက်ခြင်း၊လမ်းကြောင်းမှန်အတိုင်း ပြေးဆွဲခြင်းရှိမရှိအတွက် GPS စက်များ တပ်ဆင်စောင့်ကြည့်ခြင်းနှင့် အမှိုက်များကိုလျင်မြန်စွာသိမ်းဆည်းနိုင်ရန် အမှိုက်လွှဲပြောင်းဇုန်များ တည်ဆောက်ခြင်းလုပ်ငန်းတို့ကို အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
















