မြဝတီမြို့တွင် ကပ်ရောဂါဘေးအား ကျော်လွှားနိုင်ရေးအတွက်ဆရာတော်၊ သံဃာတော်များစုပေါင်း၍ ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခဲ့ကြောင်း သိရသည်။
''မြဝတီမြို့မှာ ကိုဗစ်ရောဂါပိုးတွေ့သူ အခုဆိုရင် ၃ဝဝ ကျော်အထိရှိခဲ့ပြီဖြစ်ပါတယ်။ ဒါကို ကျွန်တော်တို့အနေနဲ့အတတ်နိုင်ဆုံး Quarantine စင်တာတွေဖွင့်ပြီး ကျန်းမာရေးဝန်ထမ်းတွေနဲ့ပူးပေါင်းပြီး Volunteer တွေနဲ့ပူးပေါင်းပြီး စောင့်ရှောက်ပေးနေပါတယ်။ ပြည်သူတွေကိုလည်းကျန်းမာရေးဌာနနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ညွှန်ကြားချက်တွေကို လိုက်နာကြဖို့ အသိပညာပေးဆောင်ရွက်မှုတွေ ပြုလုပ်နေသလိုတစ်ဖက်ကလည်း ဆရာတော်ကြီးများကိုပင့်ဖိတ်ပြီး ဥနိတသန္တိပါဠိတော်နဲ့ရတနာ့သုတ်ပရိတ်တော်တွေကို ကပ်ရောဂါဘေးမှကင်းဝေးစေဖို့ မြို့တွင်းလှည့်ရွတ်ဖတ်ပူဇော်ကြတာပေါ့။ ပြည်သူအားလုံးအနေနဲ့လည်း ကျန်းမာရေးဌာနက ထုတ်ပြန်ထားတဲ့စည်းကမ်းတွေကို လိုက်နာကြဖို့ ပြောချင်ပါတယ်'' ဟု မြဝတီခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်က ပြောဆိုသည်။
မြဝတီခရိုင် မြဝတီမြို့နယ်အတွင်း ကပ်ကြီးသုံးပါးကျော်လွှားနိုင်ရေးအတွက် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်ဆရာတော် သတ္တမဇောတိကဓဇအရှင်ပညာနန္ဒ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဌ ဆရာတော်နှင့် အဖွဲ့ဝင်ဆရာ တော်ကြီးများမှ ဥပ္ပါတသန္တိပါဠိတော်နှင့် ရတနာ့သုတ်ပရိတ် တော်တို့အား ချစ်ကြည် ရေးတံတားအမှတ် (၁)၊ အမှတ်(၂)နှင့် မြဝတီမြို့နယ်အတွင်း၌ ဒီဇင်ဘာ ၁၅ ရက် နံနက် ၈ နာရီက လှည့်လည်ရွတ်ဖတ်ပူဇော်ခဲ့ကြခြင်း ဖြစ်သည်။
















