ပြည်တွင်း လေကြောင်းလိုင်းများ ပြေးဆွဲခွင့်ကို ပြန်လည် ဖွင့်လှစ်ပေး လိုက်သည့်အတွက်နေပြည်တော်မှ အခြား ဒေသများသို့ လေကြောင်းဖြင့် ခရီးသွားမည့်သူများအတွက် တစ်ဦးလျှင် ကျပ်တစ်သောင်းနှုန်းဖြင့် ကိုဗစ်-၁၉ စစ်ဆေးပေးနေကြောင်း နေပြည်တော်တိုင်းကျန်းမာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုးက ပြောသည်။
၎င်းက“ကျွန်တော်တို့ စီစဉ်ထားတာ ရှိပါတယ်။ နေပြည်တော်စည်ပင်ရိပ်သာမှာ မွန်းတည့် ၁၂ နာရီ ကနေ ညနေ ၄နာရီအထိ ကို လာစစ်လို့ရပါတယ်။ သက်ဆိုင်ရာ လေကြောင်းလိုင်းက နေပြီးတော့ လေယာဉ်လက်မှတ်ရယ် နောက်ပြီးတော့ မှတ်ပုံတင်နဲ့ လာစစ်လို့ရပါတယ် စစ်ဆေးခက တစ်သောင်းကျမှာဖြစ်ပါတယ်” ဟုပြောသည်။
ဒီဇင်ဘာလ ၁၆ ရက်နေ့မှ စတင်ကာ ပြည်တွင်း လေကြောင်းလိုင်းများကို ပြန်လည်ပြေးဆွဲခွင့်ပြုလိုက်ပြီး နောက် ယင်းလေကြောင်းခရီးစဉ်များတွင် လိုက်ပါမည့်သူများသည် ၃၆ နာရီ အတွင်း ကိုဗစ်-၁၉ စစ်ဆေးထားသည့် ဆေးစစ်မှတ်တမ်း လိုအပ်သည့်အတွက် ယခုကဲ့သို့ ဆောင်ရွက်ပေးရခြင်း ဖြစ်ကြောင်း သိရသည်။
ယင်းအပြင် နေပြည်တော်ကောင်စီ နယ်မြေအတွင်းသို့ လေကြောင်းလိုင်းမှတစ်ဆင့် လာရောက်မည့်သူများသည် ကိုဗစ်-၁၉ စစ်ဆေးပြီး သားဖြစ်သော်လည်း တစ်စုံတစ်ရာဖြေလျော့ပေးခြင်းမျိုး ရှိမည်မဟုတ်ပဲ နေပြည်တော် ကောင်စီ က သတ်မှတ်ထားသည့် ဆေးစစ်ခြင်းများ နှင့် ကွာရန်တင်းဝင်ရောက်ခြင်းများဆောင်ရွက်ရမည်ဖြစ် ကြောင်း ဒေါက်တာမြတ်ဝဏ္ဏစိုးက ရှင်းပြသည်။
၎င်းက“မရှိပါဘူး။ နေပြည်တော်ကောင်စီရဲ့ ကြေငြာချက်အတိုင်းပဲ။ non- stay home ကလာလို့ရှိရင် ဆေးစစ်ပြီးတော့ ၃ ရက် stay home ကလာလို့ရှိရင် ဆေးစစ်ပြီးတော့ ၁၄ ရက် ဝန်ထမ်းဆိုရင် ၃ ရက် ဆိုပြီး ဒီအတိုင်းပဲကျွန်တော်တို့ ကတော့ ဆောင်ရွက်ရမှာဖြစ်ပါတယ်။ လေကြောင်းရဲ့ထုတ်ပြန်ချက်မှာလည်း သက်ဆိုင်ရာ နယ်မြေဒေသမှာ ရှိတဲ့ အစိုးရရဲ့ ကွာရာတင်း သတ်မှတ်ချက်အတိုင်း ဆောင်ရွက်ရမယ်လို့ လည်း ပါပါတယ် “ ဟုပြောသည်။
နေပြည်တော်သို့ မဖြစ်မနေ လာရောက်ရမည့်သူများ ကွာရန်တင်း မဖြစ်မနေဝင်ရောက်ရမည်ဖြစ်သည့်အတွက် လာရောက်သူများ အနေဖြင့် ဟိုတယ်ကွာရန်တင်း ဝင်ရောက်လိုပါက ဝင်ရောက်နိုင်ရေး စီစဉ်ပေးထားကြောင်း သိရသည်။
ဒေါက်တာမြတ်ဝဏ္ဏစိုးက“နေပြည်တော်ရဲ့သတ်မှတ်ထားတဲ့အတိုင်းပဲ သူလာတဲ့ ဒေသပေါ်မူတည်ပြီးတော့ ကွာရန်တင်းဆောင် ရွက်မယ် ဆေးစစ်တာတွေဆောင်ရွက်ရမှာဖြစ်ပါတယ်။ အဲ့အတွက်လည်း နေဖို့အတွက်လည်း ဟိုတယ်ကွာရန်တင်း လိုချင်ရင် ဟိုတယ်ကွာရန်တွင်း သို့မဟုတ် facility ကွာရန်တင်း ဆိုရင်လည်း ကျတော်တို့ရဲ့ Facility ကွာရန်တင်းတွေမှာထားဖို့ စီစဉ်ဆောင်ရွက်ထားပါတယ်“ ဟုပြောသည်။
ပြည်တွင်း လေကြောင်းလိုင်းများ ပြန်လည်ဖွင့်လှစ်လိုက်သည့်အတွက် လေဆိပ်များတွင် တာဝန်ထမ်းဆောင် မည့် ကျန်းမာရေးဝန်ထမ်းများ လေဆိပ်ဝန်ထမ်းများနှင့် အခြားသော လေဆိပ်လတာဝန်ရှိသူများ အားလုံးကို ယနေ့ ဒီဇင်ဘာလ ၁၆ ရက်နေ့ ညနေပိုင်းတွင် ကိုဗစ် စစ်ဆေးမှုများ ပြုလုပ်သွားမည်ဖြစ်သည်။
















