ရန်ကုန်၌ ကိုယ်စားလှယ်လောင်း အရည်အချင်း ပျက်ယွင်းကြောင်း ကြေညာခံရမည့်လူ ၁၈ ဦးထိ ရှိ၊ ၎င်းပုဂ္ဂိုလ်များ ကြားဖြတ်ရွေးကောက်ပွဲ ဝင်ခွင့်ရမည်မဟုတ်

ရန်ကုန်၌ ကိုယ်စားလှယ်လောင်း အရည်အချင်း ပျက်ယွင်းကြောင်း ကြေညာခံရမည့်လူ ၁၈ ဦးထိ ရှိ၊ ၎င်းပုဂ္ဂိုလ်များ ကြားဖြတ်ရွေးကောက်ပွဲ ဝင်ခွင့်ရမည်မဟုတ်

ရန်ကုန်တိုင်းအတွင်း ကိုယ်စားလှယ်လောင်း အရည်အချင်းပျက်ယွင်းကြောင်း ကြေညာခံရမည့်လူပေါင်း ၁၈ ဦးအထိ ရှိကြောင်း ရွေးကောက်ပွဲအသုံးပြုစရိတ်စာရင်း လာရောက် မတင်ပြသည့် စာရင်းများအရ သိရသည်။

ရွေးကောက်ပွဲ အသုံးပြု စရိတ်စာရင်းကို ဒီဇင်ဘာ ၁၃ ရက်နေ့ နောက်ဆုံးထား၍ တင်ပြရမည်ဖြစ်သော်လည်း ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ခရိုင်နှစ်ခုတွင် လာရောက်မတင်သွင်းခဲ့သူများရှိခဲ့သည်။ ရန်ကုန်တိုင်း အနောက်ပိုင်းခရိုင်နှင့် မြောက်ပိုင်းခရိုင်တို့တွင် ရွေးကောက်ပွဲအသုံးစရိတ် မတင်ပြသူ တစ်စုံတစ်ဦးမျှ မရှိခဲ့ကြောင်း သက်ဆိုင်ရာ ကော်မရှင်အဖွဲ့ခွဲများမှ သိရသည်။

ရန်ကုန်အနောက်ပိုင်း ခရိုင်တွင် ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည့် ကိုယ်စားလှယ်ပေါင်း ၁၈၁ ဦးရှိခဲ့ပြီး ၎င်းတို့အားလုံးသည် ဒီဇင်ဘာ ၁၃ ရက် နောက်ဆုံးထားကာ တင်သွင်းမှုပြုလုပ်ခဲ့ကြောင်းသိရသည်။ မြောက်ပိုင်းခရိုင်တွင်လည်း ဝင်ရောက် ယှဉ်ပြိုင်ခဲ့သူ အားလုံးမှာ သတ်မှတ်အချိန်မှတင်သွင်းခဲ့ကြကြောင်း မြောက်ပိုင်းခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌကပြောသည်။

ရန်ကုန်တောင်ပိုင်း ခရိုင်တွင်မူ ဝင်ရောက် ယှဉ်ပြိုင်ခဲ့သူများအနက်မှ ကိုယ်စားလှယ်လောင်း ၁၀ ဦးမှာ ရွေးကောက်ပွဲ အသုံးစရိတ် မတင်ပြ ခဲ့ကြကြောင်း သိရသည်။ ရန်ကုန်အရှေ့ပိုင်းခရိုင်တွင်လည်း လာရောက် မတင်သွင်းသည့် ကိုယ်စားလှယ်ပေါင်း ၈ ဦးအထိ ရှိခဲ့ကြောင်းသိရသည်။

"ဒီမတင်သွင်းတဲ့ သူတွေကတော့ ဥပဒေကြောင်းအရ ကိုယ်စားလှယ်လောင်းအရည်အချင်းပျက်ယွင်းကြောင်းကြေညာခံရမှာပေါ့။ ဥပဒေမှာ ဒီလိုပြဋ္ဌာန်းထားတာပဲ။ ဥပဒေအရတော့ အခုဒီလူတွေက လာမယ့်ကြားဖြတ်တွေမှာ ဝင်ရောက် ယှဉ်ပြိုင်ခွင့်မရှိပါဘူး။ကြေညာတာကိုတော့ ပြည်ထောင်စုအဆင့်က ကြေညာချက်ထုတ်ပါလိမ့်မယ်"ဟု ရန်ကုန်အရှေ့ပိုင်း ခရိုင်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲမှ အတွင်းရေးမှူး ဦးမင်းကိုအောင်ကပြောသည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲရလဒ်များ ကြေညာအပြီး ရက်ပေါင်း ၃၀ အတွင်း ရွေးကောက်ပွဲကုန်ကျစရိတ် စာရင်းများတင်ပြရန် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ညွှန်ကြားထားပြီး ရန်ကုန်တိုင်းအတွင်း ရလဒ်ကြေညာခြင်းမှာ နိုဝင်ဘာ ၁၃ ရက်တွင် ပြီးစီးခဲ့သည်။ ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း မဲဆန္ဒနယ်များမှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ကိုယ်စားလှယ်ပေါင်း ၈၀၁ ဦးရှိသည်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ရွေးကောက်ပွဲရလဒ်များကို နိုဝင်ဘာ ၉ ရက်မှ ၁၃ ရက်နေ့အထိ ကြေညာပေးခဲ့ပြီးနောက်မှစ၍ ရက်ပေါင်း ၃၀ အတွင်း ပုံစံ ၂၀ ကို တင်ပြရမည်ဖြစ်ခြင်းကြောင့် ဒီဇင်ဘာလ ၁၃ ရက်နေ့ နောက်ဆုံးထားကာ တင်ပြကြရမည်ဖြစ်သည်။ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေဖြင့်လည်း သတ်မှတ်ရက်အတွင်း ရွေးကောက်ပွဲ ကုန်ကျစရိတ်စာရင်းများ တင်သွင်းရန်အကြိမ်ကြိမ်နှိုးဆော်ပေးခဲ့သည်။

ရန်ကုန်တိုင်းအတွင်း လာရောက်တင်ပြရန် ကျန်ရှိသူများမှာ ပါတီကြီးများမှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသူများ မဟုတ်ကြောင်းနှင့် တစ်သီးပုဂ္ဂလနှင့် ပါတီငယ်အချို့တို့မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသူများဖြစ်ကြောင်းလည်း ကျန်ရှိသည့် ခရိုင်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများ၏စာရင်းများအရ သိရသည်။ ရွေးကောက်ပွဲအသုံးစရိတ် စာရင်းတင်ပြခြင်း မရှိသူများကို ကိုယ်စားလှယ်လောင်းအရည်အချင်း ပျက်ယွင်းကြောင်းနှင့် လာမည့်ကြားဖြတ် ရွေးကောက်ပွဲများတွင် ဝင်ရောက် ယှဉ်ပြိုင်ခွင့်မပြုကြောင်း ဥပဒေတွင်ပြဋ္ဌာန်း ထားသည်။