COVID-19 ရောဂါပိုး ရှိမရှိကို အတည်ပြုပေးနိုင်သည့် စမ်းသပ်စစ် ဆေးမှုကိရိယာ (Test Kit) များကို အိမ်ထောင်စုများ၌ မိမိဘာသာ စစ်ဆေးခြင်းအား အမေရိကန်ပြည်ထောင်စုတွင် ဒီဇင်ဘာ ၁၅ ရက်မှစတင်၍ ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။
ကယ်လီဖိုးနီးယားပြည်နယ်အခြေစိုက် Ellume ဆေးဝါးထုတ်လုပ်ရေး ကုမ္ပဏီမှ ထုတ်လုပ်သော Antigen Test Kit တစ်ခုလျှင် ဒေါ်လာ ၃၀ ဖြင့် ရောင်းချပေးမည်ဖြစ်ပြီး နေအိမ်၌ မိမိဘာသာမိမိ စမ်းသပ်စစ်ဆေးနိုင်ပြီဖြစ် ကာ မိနစ် ၂၀ အကြာ၌ပင် ရောဂါပိုး ရှိ၊ မရှိကို အတိအကျ သိရှိရမည်ဖြစ် ကြောင်း သိရသည်။
အမေရိကန်ပြည်သူများအတွက် ယင်းကဲ့သို့ ဆောင်ရွက်နိုင်ရန် ခွင့်ပြု ပေးနိုင်ခဲ့ခြင်းသည် ကြီးမားသော အောင်မြင်မှု မှတ်တိုင်တစ်ခုဖြစ်ကြောင်း အမေရိကန် အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ရေးဌာန (FDA) အကြီး အကဲ စတီဖင်ဟန်းက ပြောကြားခဲ့သည်။
‘’အမေရိကန်ပြည်သူတွေအတွက် စမ်းသပ်မှုတွေ အလျင်မီအောင် ကျွန်တော်တို့ ကူညီဆောင်ရွက်နေပါတယ်။ ဓာတ်ခွဲခန်းမှာ စမ်းသပ်စစ်ဆေး ရမယ့် အရာတွေနဲ့ ပစ္စည်းကိရိယာတွေကို လျှော့ချပေးနိုင်ခဲ့သလို အမေရိ ကန်ပြည်သူတွေဟာလည်း သူတို့ရဲ့ အိမ်မှာပဲ သက်သောင့်သက်သာနဲ့ COVID-19 ရောဂါပိုးကို စစ်ဆေးသိရှိနိုင်မှာ ဖြစ်ပါတယ်’’ ဟု စတီဖင်ဟန်းက ပြောကြားခဲ့သည်။
အမေရိကန် ကျန်းမာရေးအာဏာပိုင်များမှ ခွင့်ပြုပေးလိုက်သော Antigen Test Kit သည် COVID-19 ရောဂါပိုး၏ မျိုးရိုးဗီဇကို ရှာဖွေသော PCR စစ်ဆေးခြင်းမျိုးမဟုတ်ဘဲ ဗိုင်းရပ်စ်၏ မျက်နှာပြင်ပေါ်ရှိ မော်လီကျူးကို ထိတွေ့ခြင်းဖြင့် အတည်ပြုသော စစ်ဆေးမှုစနစ်ဖြစ်ကြောင်း သိရသည်။ ယင်းစစ်ဆေးမှု နည်းပညာသည် နေအိမ်တွင် အမျိုးသမီးများ ကိုယ်ဝန် ဆောင်ခြင်း ရှိမရှိ စစ်ဆေးပုံမျိုးနှင့် ဆင်တူသည်ဟု သိရသည်။
ယင်း Antigen Test Kit များသည် ဓာတ်ခွဲခန်းများတွင် စစ်ဆေးရန် ရယူသည့် လူ၏ နှာခေါင်းအတွင်းပိုင်းရှိ နှာခေါင်းတို့ဖတ်၊ အာခေါင်အတွင်း ပိုင်းရှိ အာခေါင်တို့ဖတ်များကို နက်ရှိုင်းစွာ ထိုးနှိုက်စရာမလိုတော့ဘဲ နှာခေါင်းနှင့် အာခေါင်တို့ အနီးဝန်းကျင်တွင်ရှိသော တို့ဖတ်နမူနာများကို ရယူကာ စစ်ဆေးနိုင်ခြင်းကြောင့် နာကျင်မှုဝေဒနာ မခံစားရဘဲ သက်သောင့် သက်သာ ရှိကြောင်းလည်း Ellume ဆေးဝါးကုမ္ပဏီက ထုတ်ပြန်ခဲ့သည်။

















