၂၀၂၀ ပြည့်နှစ်တွင် အမေရိကန်သို့ တရုတ်မှလူသုံးကုန်ပစ္စည်းတင်သွင်းမှု မြင့်တက်

၂၀၂၀ ပြည့်နှစ်တွင် အမေရိကန်သို့ တရုတ်မှလူသုံးကုန်ပစ္စည်းတင်သွင်းမှု မြင့်တက်

၂၀၂၀ ပြည့်နှစ်တွင် ဒေါ်နယ်ထရမ့်အစိုးရနှင့် တရုတ်အစိုးရတို့အကြား ဆက်ဆံရေးမှာ တင်းမာမှု အမြင့်ဆုံးအဆင့်သို့ ရောက်ရှိခဲ့သော်လည်း COVID-19 ကပ်ရောဂါ၏ ဂယက်ရိုက်ခတ်မှုကြောင့် အမေရိကန်သည် တရုတ်ထံမှ လူသုံးကုန်ပစ္စည်းမျိုးစုံဝယ်ယူမှု မြင့်တက်ခဲ့ကြောင်း သတင်းရင်း မြစ်တစ်ခုက ဖော်ပြသည်။ 

COVID-19 ကပ်ရောဂါကြောင့် နေအိမ်တွင်သာ အချိန်ဖြုန်းရသည့် အချိန်ကာလ ကြာလာသည့် အကျိုးဆက်ရှိခဲ့ခြင်းကြောင့် အမေရိကန် ရှိ အိမ်ထောင်စုများသည် စားသောက်ဆိုင်သုံး ပစ္စည်းများကို နေအိမ်များတွင် အသုံးပြုရန်အတွက် ဝယ်ယူခြင်း၊ အိမ်တွင်းရုံးခန်းပြုလုပ်ရန်အတွက် အသုံးအဆောင် ပစ္စည်းများ ဝယ်ယူခြင်း၊ လျှပ်စစ်မီးသွယ်တန်းသည့် ပစ္စည်းများ ဝယ်ယူခြင်း၊ နေအိမ်တွင် ကိုယ်ကာယအားကစား ပြုလုပ်ရန် အတွက် အထောက်အကူပြု ပစ္စည်းများ ဝယ်ယူခြင်း၊ ကလေးငယ်များအား ထိန်းကျောင်းရန်အတွက် ကစားစရာ အရုပ်ပေါင်းစုံတို့အား ဝယ်ယူခြင်းတို့ကို လုပ်ဆောင်ခဲ့ကြသည်။

တရုတ်သွင်းကုန်များအပေါ် အမေရိကန်သမ္မတထရမ့်၏ သွင်းကုန် စည်းကြပ်မှုအခွန်နှုန်းထား မြင့်မားသော်လည်း ၂၀၂၀ ပြည့်နှစ် ၁၀ လပိုင်းအရောက်အတွင် အမေရိကန်သည် တရုတ်ထံမှ နှာခေါင်းစည်းများ၊ အီလက်ထရွန်းနစ်ပစ္စည်းများ၊ တစ်ကိုရေအကာအကွယ်သုံး ဝတ်စုံများကို တင်သွင်းခဲ့ရကြောင်း သိရသည်။

ယင်းကာလအရောက်တွင် အမေရိကန် သည် တရုတ်ထံမှ သွင်းကုန်ရာခိုင်နှုန်း ၄၆ ဒသမ ၁ အထိ မြင့်တက်လာပြီး တန်ဖိုးအားဖြင့် ၅၁ ဒသမ ၉၈ ဘီလီယံဒေါ်လာရှိကြောင်း အကောက်ခွန်မှတ်တမ်းတစ်ခုကို ကိုးကား၍ နယူးယောက်တိုင်းမ် သတင်း စာကဖော်ပြခဲ့သည်။

တရုတ်သည် COVID-19 ကပ်ရောဂါကို ကာလတိုအတွင်း တည်ငြိမ် စွာ ထိန်းချုပ်နိုင်ခြင်းကြောင့် ကမ္ဘာပေါ်တွင် စီးပွားရေးလုပ်ငန်းများကို ပြန် လည် လည်ပတ်နိုင်ခဲ့သည့် ပထမဆုံးနိုင်ငံ ဖြစ်ခဲ့သည်။