စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနက တောင်သူလယ်သမား အဖွဲ့အစည်းများ ပေါ်ပေါက်လာစေရန် ဥပဒေမူကြမ်းတစ်ရပ် စတင်ရေးဆွဲလျက်ရှိကြောင်း အဆိုပါ ဝန်ကြီးဌာနမှ ဒုတိယ အမြဲတမ်းအတွင်းဝန် ဦးမျိုးတင့်ထွန်းက ပြောသည်။
`တောင်သူလယ်သမား အဖွဲ့အစည်းဆိုင်ရာ ဥပဒေ`ဟု လတ်တလော အမည်ပေးထားသော အဆိုပါ ဥပဒေမူကြမ်းကို ပြည်ထောင်စုဝန်ကြီးရုံး၌ ဒီဇင်ဘာ ၁၅ ရက်နေ့က ဌာနတွင်းစတင်ဆွေးနွေးခဲ့သည်။ "အခုက တကယ့်ကိုအစပိုင်းပဲ ရှိပါသေးတယ်။ ကနဦး စတည်တဲ့အဆင့်ပဲ ရှိပါသေးတယ်"ဟု ၎င်းက မြန်မာတိုင်းမ်သို့ ဒီဇင်ဘာ ၁၆ ရက်တွင်ပြောကြားခဲ့ခြင်းဖြစ်သည်။
ယမန်နေ့က ကျင်းပခဲ့သော ပထမနေ့ အစည်းအဝေးတွင် ဥပဒေကြမ်း၏ အမည်နှင့်အဓိပယ်ဖွင့်ဆိုချက်အခန်းကို စတင်ဆွေးနွေးခဲ့ပြီး ကျန်ရှိသည့် အခန်းများကိုလည်း ဆက်လက်ဆွေးနွေးမည် ဖြစ်သည်။
တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဥပဒေအရ ပေါ်ပေါက်လာမည့် ၎င်းဥပဒေကြမ်းနှင့် ပတ်သက်ပြီး တောင်သူအသင်းအဖွဲ့များနှင့် ဆွေးနွေးရန် မသေချာသေးသော်လည်း သက်ဆိုင်သူများပါဝင်မည့် ဆွေးနွေးပွဲကိုမူ ကျင်းပသွားရန်ရှိနေသည်။
"အဲဒါကတော့ ဘယ်လိုလုပ်မလဲ မသိသေးဘူး။ Stakeholders meeting ကတော့ လုပ်ရမှာပေါ့"ဟုလည်း ၎င်းကပြောသည်။ ထို့အပြင် အခြားသက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ပြည်ထောင်စု ရှေ့နေချုပ်ရုံးတို့၏ သဘောထားရယူခြင်း၊ ပြည်ထောင်စု အစိုးရအဖွဲ့သို့ တင်ပြအတည်ပြုချက်ရယူခြင် စသည့်အဆင့်များရှိနေခြင်းကြောင့် လွှတ်တော်သို့ တင်နိုင်ရန် အချိန်ယူရဦးမည်ဟု ဆိုသည်။
တောင်သူလယ်သမားများ အဖွဲ့အစည်း ဖွဲ့စည်းခွင့်နှင့် သက်ဆိုင်သော ဥပဒေသည် မြန်မာနိုင်ငံတွင် ပြဋ္ဌာန်းခဲ့ဖူးခြင်းမရှိသကဲ့သို့ နိုင်ငံတကာတွင်လည်း နှစ်နိုင်ငံတည်း သာရှိသဖြင့် ထိုနိုင်ငံများ၏ ဥပဒေများအားလေ့လာကာ မြန်မာနိုင်ငံနှင့် သင့်လျော်မည့်ပုံစံဖြစ်စေရန် ကနဦး ပြုစုထားကြောင်း သိရသည်။















