လွတ်လပ်ရေးနေ့နှင့် ပြည်ထောင်စုနေ့ အခမ်းအနားများ ကိုဗစ်ကြောင့် လူလျှော့ ကျင်းပမည်

လွတ်လပ်ရေးနေ့နှင့် ပြည်ထောင်စုနေ့ အခမ်းအနားများ ကိုဗစ်ကြောင့် လူလျှော့ ကျင်းပမည်

နေပြည်တော်တွင် မကြာခင် ကျင်းပရန်ရှိသည့် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားနှင့် ပြည်ထောင်စုနေ့ အခမ်းအနားများအား ကိုဗစ်-၁၉ရောဂါကြောင့် လူအင်အားများစွာလျှော့ချပြီး ကျင်းပမည်ဖြစ်ကြောင်း နေပြည်တော်ကောင်စီဝင် ဦးအောင်မြင်ထွန်းက ပြောသည်။

"အရင်တုန်းက ၂၃၀၀(အင်အား) ကျော်လောက်က အခု ၃၆၀ ကျော်လောက်ပဲ ရှိမယ်"ဟု ဖေဖော်ဝါရီ ၁၂ရက်နေ့တွင် ကျင်းပမည့် ပြည်ထောင်စုနေ့ အခမ်းအနားအတွက် "ဖိတ်ကြားရေးနှင့် နေရာချထားရေး ဆပ်ကော်မတီ"တွင် တာဝန်ယူထားသူလည်းဖြစ်သည့် ဦးအောင်မြင်ထွန်းက မြန်မာတိုင်းမ်သို့ ဒီဇင်ဘာ ၁၇ ရက်တွင် ပြောကြားသည်။

ထိုကဲ့သို့ပင် ဇန်နဝါရီ ၄ရက်နေ့တွင် ကျင်းပမည့် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားတွင်လည်း အင်အား ၄၀၀ ကျော်ကိုသာ ဖိတ်ကြားထားကြောင်း သိရသည်။

ကိုဗစ်-၁၉ ကူးစက် ပြန့်ပွားမှုဖြစ်နေသည့် ကာလအတွင်း နိုင်ငံတော်အဆင့် အခမ်းအနားများအား မဖြစ်မနေကျင်းပရခြင်းဖြစ်သောကြောင့် ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်များကို လိုက်နာရန်လိုအပ်မည်ဖြစ်သည်ဟု ဆိုသည်။ "၆ ပေကွာနေရမယ်။ Face Shield နဲ့ Mask တပ်ရမယ်။ လက်ဆေးရမယ်။ တစ်ယောက်နဲ့ တစ်ယောက် မဆုံဖြစ်အောင် နေရမယ်"ဟုလည်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

ထို့အပြင် အထက်ပါ အခမ်းအမားများအတွက် အလံတင်အခမ်းအနား စီစဉ်ရာတွင်လည်း ဂုဏ်ပြုတပ်ဖွဲ့အနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များ၊ စံလုပ်ငန်း လမ်းညွှန်ချက်များအတိုင်း လူဦးရေ လျှော့ချကန့်သတ်ကာ ဖွဲ့စည်းလေ့ကျင့်လျက်ရှိကြောင်း နေပြည်တော် တိုင်းစစ်ဌာနချုပ်မှ ဒုတိယတိုင်းမှူး ဗိုလ်မှူးကြီး ကျော်စိုးဦးက ယမန်နေ့က ကျင်းပခဲ့သည့်အစည်းအဝေးတွင် ပြောကြားခဲ့သည်။

ပြည်ထောင်စုနေ့အခမ်းအနားတွင် နံနက်ပိုင်း အခမ်းအနားများဖြစ်သော "နိုင်ငံတော်အလံတင် အခမ်းအနား"နှင့် "နိုင်ငံတော်အလံ အလေးပြုခြင်းနှင့် နိုင်ငံတော်သမ္မတထံမှ ပေးပို့သော ပြည်ထောင်စုနေ့ သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနား"တို့ကိုသာ ကျင်းပသွားမည်ဖြစ်သော်လည်း ညနေပိုင်းတွင်ကျင်းပမည့် "ဧည့်ခံပွဲနှင့် ညစာစားပွဲအခမ်းအနား"ကိုမူ ယခုနှစ်တွင် ကျင်းပမည်မဟုတ်ဟု သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်