မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်များ၌ အမေရိကန် ဆက်လက်ကူညီမည်

မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်များ၌ အမေရိကန် ဆက်လက်ကူညီမည်

အစိုးရသစ် လက်ထက်အတွင်းမြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်များတွင် အမေရိကန်ပြည်ထောင်စုအနေဖြင့် ဆက်လက်ထောက်ခံသွားမည်ဖြစ်ကြောင်းအမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနဒုတိယဝန်ကြီး H.E. Mr. Stephen E. Biegun က ပြောသည်။

ဒီဇင်ဘာ ၁၇ ရက် နံနက်ပိုင်းကအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်နှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး H.E. Mr. Stephen E. Biegun တို့ တယ်လီကွန်ဖရင့်ဖြင့်ဆွေးနွေးစဉ်ပြောဆိုခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် အထွေထွေရွေးကောက်ပွဲအား အောင်မြင်စွာကျင်းပပြီးစီးခဲ့သည့်အတွက်လည်း ဂုဏ်ယူဝမ်းမြောက်ကြောင်းလည်း ပြောဆိုသည်။ ထို့ပြင် မြန်မာ-အမေရိကန်မိတ်ဖက်ဆက်ဆံရေးယန္တရားအားသင့်လျော်သည့်အချိန်တွင် ပြန်လည်စတင်ရေး၊ မြန်မာနိုင်ငံ၏ COVID-19 ကာကွယ်တိုက်ဖျက်ရေးလုပ်ငန်းစဉ်များတွင် အမေရိကန်မှ အကူအညီပေးနေမှုအခြေအနေ၊ မြန်မာနိုင်ငံတွင်အမေရိကန် စီးပွားရေးလုပ်ငန်းများရင်းနှီးမြှုပ်နှံမှု တိုးမြှင့်သွားမည့်အခြေအနေများလည်း ဆွေးနွေးခဲ့ကြသည်။

မြန်မာနိုင်ငံဆိုင်ရာအမေရိကန်သံအမတ်ကြီးသစ် Mr. Thomas L.Vajda သည် မကြာမီအချိန်အတွင်းမြန်မာနိုင်ငံသို့ လာရောက်တာဝန်ထမ်းဆောင်မည့်ကိစ္စအပြင် ရခိုင်ပြည်နယ်ကိစ္စအားဖြေရှင်းရာတွင် ငြိမ်းချမ်းပြီးရေရှည်တည်တံ့မည့် နည်းလမ်းအားရှာဖွေသွားရန်နှင့် ရခိုင်ပြည်နယ် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် နေရပ်စွန့်ခွာသွားသူများအတွက်ပတ်ဝန်းကျင်ကောင်း ဖန်တီးရေးကိစ္စများတွင် မြန်မာ-အမေရိကန် နှစ်နိုင်ငံအကြား အပြုသဘောပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်သွားနိုင်မည့်ကိစ္စရပ်တို့ကို ဆွေးနွေးခဲ့ကြောင်းသည်။

ထို့ပြင် ပြည်ထောင်စုဝန်ကြီးကရခိုင်ပြည်နယ်အရေးကိစ္စအား ဖြေရှင်းအဖြေရှာရာတွင် လူ့အခွင့်အရေးရှုထောင့်သာမက လုံခြုံရေး၊ လူ့အခွင့်အရေး၊ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ရှုထောင့်များမှ ရှုမြင်သုံးသပ်ရန် အရေးကြီးမှု၊ ရခိုင်ပြည်နယ်အရေးကိစ္စ၏ရှုပ်ထွေးသိမ်မွေ့နက်နဲမှုနှင့် ယင်းကိစ္စမှာ အကြမ်းဖက်မှု၊ ခွဲထွက်ရေးလှုပ်ရှားမှုနှင့် ဆင်းရဲနွမ်းပါးမှုတို့လည်း ပါဝင်ပတ်သက်နေသဖြင့် ပိုမိုကျယ်ပြန့်သည့်ရှုထောင့်မှ လေ့လာသုံးသပ်ရန်အရေးကြီးမှုတို့ကို ပြောကြားခဲ့သည်။

နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့်စပ်လျဉ်း၍ မြန်မာအစိုးရအနေဖြင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် သဘောတူညီချက်(၃)ရပ် ချုပ်ဆိုထားပြီး ပြင်ဆင်မှုများပြုလုပ်လျက်ရှိသော်လည်း၊ ကော့ဇ်ဘဇားစခန်းတွင် ARSA အကြမ်းဖက်အဖွဲ့၏ ခြိမ်းခြောက်မှုများကြောင့်ပြန်လည်ပို့ဆောင်ရေးလုပ်ငန်းစဉ်အပေါ် အတားအဆီးဖြစ်နေမှု အခြေအနေများ၊ ပြန်လည်နေရာချထားရေးအတွက် UEHRD တည်ထောင်၍ဆောင်ရွက်နေမှု၊ အာဆီယံ (ASEAN)၊ကုလသမဂ္ဂဆိုင်ရာ လက်အောက်ခံအဖွဲ့အစည်းများ၊ ဒေသတွင်းမိတ်ဖက်နိုင်ငံများနှင့် ပူးပေါင်းလျက်ကြိုတင်ပြင်ဆင်ထားရှိမှုအခြေအနေများကိုလည်း ပြောဆိုခဲ့သည်။

မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကာလအတွင်း ရင်ဆိုင်ကြုံတွေ့ရလျက်ရှိသည့် ပကတိအခြေအနေနှင့် အခက်အခဲများကို နားလည်ပြီး ယင်းကြုံတွေ့နေရသောအခက်အခဲနှင့်စိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းနိုင်ရေးအတွက် အမေရိကန်ပြည်ထောင်စုအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းက မြန်မာနိုင်ငံအစိုးရဌာနများ၏ စွမ်းဆောင်ရည်မြှင့်တင်ရေးနှင့်အပြုသဘောဆောင်သည့် ကူညီမှုများကို တိုးမြှင့်ပေးရန်လိုအပ်ကြောင်းဆွေးနွေးခဲ့သည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး