ဗစ်တိုးရီးယား အမှုအဖြစ် လူသိများသည့် နေပြည်တော်ကောင်စီနယ်မြေအတွင်း သက်ငယ်မုဒိမ်းမှု၌ မှားယွင်း ဖမ်းဆီးချုပ်နှောင်ခံရသည့် အောင်ကျော်မျိုး (ခ) အောင်ကြီးက နစ်နာမှုအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ထံမှ လျော်ကြေး သိန်း ၅၀၀၀ ရလိုမှု တရားစွဲအဆိုပြုလွှာအား တရားရုံးက ဒီဇင်ဘာ ၁၈ ရက်နေ့တွင် ကြားနာ လက်ခံလိုက်ကြောင်း တရားလိုရှေ့ နေ ဦးခင်မောင်ဇော်က ပြောသည်။
၎င်းက “ဒီကနေ့ အဖြေက အဆိုပြုလွှာမှာ အကျအပေါက် မရှိဘူးလို့ တရားသူကြီးက သုံးသပ်ပါတယ် အကျအပေါက် အတိမ်းအစောင်းမရှိတဲ့အတွက် ဒီအဆိုလွှာကိုပဲ တရားမမှုတွေရဲ့ ထုံးစံက ငြင်းချက် သမ္ဗန်စာကို တစ်ဖက်ကို ထုတ်ရတယ်။ တစ်ဖက်ထုတ်တဲ့အခါမှာအဆိုလွှာနဲ့တွဲပြီး ငြင်းချက်သမ္ဗန်စာ ထုတ်ရတယ်။ ပြီးတော့မှ အဲ့ဒီနေ့မှာ ငြင်းဆိုမယ်ဆို ရင် အဲ့ဒီနေ့မှာ လာပြီးတော့ ကိုယ်တိုင်သော်လည်းကောင်း၊ ကိုယ်စားလှယ်သော်လည်း ကောင်း၊ ရှေ့နေသော် လည်းကောင်း လာပြီးတော့ ချေပလွှာတင်ပါဆိုပြီးတော့ ငြင်းချက်သမ္ဗန်စာ ဆိုတာ ထုတ်ရတယ်။ အဲ့တော့အဲ့ဒါ ထုတ်မယ် အဲ့ဒါက ရဲချုပ်ကိုထုတ်မယ်။ ရဲချုပ်ကို ဦးတည်ပြီးတော့ ထုတ်မယ်ပေါ့ နော် “ ဟုပြောသည်။
လာမည့် ရုံးချိန်းကို ဇန်နဝါရီလ ၁၅ ရက်နေ့တွင် ချိန်းဆိုထားပြီး ယင်းရုံးချိန်းတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့က တရားပြိုင်အဖြစ် လာရောက်ရမည်ဖြစ်ပြီး ၎င်းတို့၏ သဘောထားကို တင်ပြပြီး နောက် သိလိုသည်များကို မေးမြန်းမှုများ ပြုလုပ် နိုင်ကြောင်း ဦးခင်မောင်ဇော်က ရှင်းပြသည်။
၎င်းက “ အဲ့ဒီရုံးချိန်အပြီး နောက်ရုံးချိန်းမှာ မေးခွန်းမေးချင် မေးလိမ့်မယ်။ ရုံးက သတ်မှတ်မှာကတော့ နောက်ရုံးချိန်းမှာ ငြင်းချက်ထုတ်ဖို့။ နောက်တစ်ခါ အဲ့ဒါမတိုင်ခင်မှာ ဒီအမှုကို နှစ်ဖက် ဖျန်ဖြေရေး အရာရှိဆိုတာရှိပါတယ်။ သူ့ရှေ့မှာသွားပြီးတော့မှ နှစ်ဖက် ညှိနှိုင်းမလား ညှိနှိုင်းမယ်ဆိုရင် သူတို့ ဘက်နေပြီးတော့ အဆိုပြု ကျွန်တော်တို့ ဘက်က လက်ခံတယ်ဆိုရင်တော့ ဒါပြီးသွားမှာပေါ့ နှစ်ဖက်စလုံးက ညှိုနှိုင်းဖို့ ဆန္ဒမရှိဘူးဆိုရင် ဆက်သွားမှာပေါ့ “ ဟုရှင်းပြ သည်။
ဒီကနေ့ အမှု၏အဓိက တရားလိုဖြစ်သည့် ကိုအောင်ကြီးက ရလိုမှုမျှော်လင့်ချက်ကြောင့် မဟုတ်ပဲ ခြောက်လလောက် မှားယွင်းဖမ်းဆီးခံရသည့်အတွက် စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာနစ်နာမှုများအတွက် ယခုကဲ့သို့ လုပ် ဆောင်ရခြင်းဖြစ်ကြောင်း ရှင်းပြသည်။
ကိုအောင်ကြီးက “အဲ့လိုမျိုး မျှော်မှန်းထားတာမျိုးတော့ မဟုတ်ပါဘူး။ ဂုဏ်သိက္ခာနဲ့ ကျွန်တော်ရဲ့ အရှက်တရား သိက္ခာ။ မိသားစု အကုန်လုံးပေါ့နော်။ အကုန်လုံးကိုခြုံပြီးတော့ ပြန်တရားစွဲတာပါ။ ဒီအမှုမဖြစ်ခင်နဲ့ ဖြစ်ပြီး နောက် ပိုင်းမှာ နေရထိုင်ရသွားလာရတာ။ အားလုံးမှာ ကိုယ့်ကိုယ်ကို သိမ်ငယ် မှု ဖြစ်သွားတာပေါ့။ ပြောရမယ်ဆိုရင် အများကြီး တစ်ခုချင်းပြောမယ်ဆိုရင်ပြီးတော့မှာမဟုတ်ဘူး။ အကုန်လုံးခြုံ ပြောရမယ်ဆိုရင်တော့ အများကြီးထိ ခိုက်နစ်နာမှုအများကြီး ကြုံခဲ့ရပါတယ်” ဟုပြောသည်။
ယခုကဲ့သို့ တရားစွဲအဖွဲ့အစည်းတစ်ခုဖြစ်သည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့အား နစ်နာမှု ကြောင့် ပြန်လည်တရားစွဲဆို ခြင်းသည် ၁၉၆၂ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်ဖြစ်ပြီး စမ်းသပ်သည့်အနေဖြင့် တာဝန်ရှိသည့် အစိုးရအဖွဲ့ အစည်းကို ပြည်သူတစ်ယောက်ချင်းက နစ်နာမှုအတွက် မဟာဗျူဟာမြောက် တရားရင်ဆိုင်ခြင်းလည်းဖြစ်သည်။

















