ပင်လည်ဘူးမြို့နယ် ဝါရုံသာကျေးရွာရှိ သဲပုံစေတီကိုငုံ၍ ဉာဏ်တော် ၁၈ ပေအမြင့်ရှိ စေတီတည်မည်

ပင်လည်ဘူးမြို့နယ် ဝါရုံသာကျေးရွာရှိ သဲပုံစေတီကိုငုံ၍ ဉာဏ်တော် ၁၈ ပေအမြင့်ရှိ စေတီတည်မည်

စစ်ကိုင်းတိုင်းဒေသကြီး ပင်လည်ဘူးမြို့နယ် ဝါရုံကုန်းအုပ်စု ဝါရုံသာကျေးရွာရှိ သဲပုံစေတီအား ''ကျွန်တော်များ ကမ်းလက်'' အလှူရှင်များအဖွဲ့၊ကျေးရွာသူ/သားများနှင့် အလှူရှင်များစုပေါင်း၍ ဉာဏ်တော် ၁၈ ပေရှိစေတီတည်ထားရန် သန့်ရှင်းရေးများစုပေါင်း လုပ်ဆောင်နေကြောင်း သိရသည်။

''သဲပုံစေတီက နှစ်ပေါင်း ၃ဝ ကျော်လောက်ရှိပြီ။ ကျေးရွာက စေတီတစ်ဆူအဖြစ် ကိုးကွယ်နေကြတာပါ။ ကမ်းလက်အဖွဲ့က အဲဒီဒေသကို ဆန်၊ ဆီ၊ဆားတွေ သွားလှူရင်း စေတီကိုတွေ့တော့ ပြုပြင်ပေးဖို့ တောင်းဆိုကြတော့စေတီတော်အဖြစ် ပြုပြင်တည်ထားမယ်လို့ ဆုံးဖြတ်ခဲ့တာပါ။ သဲပုံစေတီကဉာဏ်တော် ၁၇ ပေလောက်ရှိတယ်။အခု ငုံတည်မှာက ၁၈ ပေရှိမယ်။ရပ်ရွာတွေမှာရှိတဲ့ စေတီတွေအတိုင်းအုတ်၊ ဘိလပ်မြေတွေနဲ့ အခိုင်အမာတည်သွားမှာပါ''ဟု ကျွန်တော်များကမ်းလက် အလှူရှင်များအဖွဲ့ ဥက္ကဌ ဦးဇေယျာသော်က ပြောသည်။ဝါးရုံသာကျေးရွာ ရွာလည်ကုန်းပေါ်တွင် တည်ထားခြင်းဖြစ်ပြီး ဘုန်းတော်ကြီးကျောင်း အနီးတွင် တည်ရှိသည့် ဝါးရုံသာရွာ၏ တစ်ဆူတည်းသော စေတီဖြစ်ကြောင်း သိရသည်။

''စေတီကလည်း ဒီတစ်ဆူဘဲတွေ့တယ်။ အိမ်ခြေ ၃ဝဝ လောက်ရှိတယ်။တောင်တန်းဒေသ ဖြစ်တဲ့အတွက် စပါးဘဲစိုက်ပြီး ကျန်တဲ့သီးနှံ စိုက်ပျိုးတာမတွေ့ရဘူး။ လမ်းပန်းဆက်သွယ်ရေးက ပင်လည်ဘူးမြို့ အနောက်ဘက်မိုင် ၃ဝ လောက်ဝေးတဲ့ ကျောက်ကြမ်းလမ်းပါ။ သဲပုံစေတီ အနီးအနားမှာသန့်ရှင်းရေး လုပ်နေတယ်။ တစ်ပတ်အတွင်း လိုအပ်တဲ့ ဘိလပ်မြေ၊ အုတ်စတာတွေကို ပင်လည်ဘူးမြို့ကနေ ပို့ပေးမယ်။ တပေါင်းလပြည့်မှာ စေတီတော် ထီးတင်ဖို့ ရည်မှန်းတည်ဆောက်သွားမှာပါ''ဟု ဦးဇေယျာသော်ကပြောသည်။

သဲပုံစေတီ၏ ဘုရားပွဲရက် ဖော်ထားခြင်း မရှိသော်လည်း ဘုရားထီးတင်ပြီးလျင် နှစ်စဉ် ဘုရားပွဲ ကျင်းပနိုင်ရန် ရက်သတ်မှတ်မည်ဖြစ်ပြီး ယခုတည်မည့် ဘုရားဘွဲ့တော်အမည်ကိုဆရာတော်ကြီးနှင့်အတူ ရွေးချယ်နေကြရာ တစ်ပတ်အတွင်းဘုရားဘွဲ့တော်ပေါ်တော့မည်ဖြစ်သည်။

''ဘုရားပွဲကို ရွာက လုပ်ချင်ပေမယ့် လုပ်ခွင့် မသာခဲ့ဘူး။ ကမ်းလက်အဖွဲ့က ဘုရားပြင်မယ်ဆိုတော့ ရွာရှိလူတွေက လိုလိုချင်ချင် ဝမ်းပမ်းတသာနဲ့ ပူးပေါင်းလုပ်ဆောင်ကြတယ်။ ဘုရားရင်ပြင် ၁၅ ပေပတ်လည် လုပ်ပြီးလို့ အလှူရှင်ရှိရင် စေတီနားမှာ ဇရပ်တစ်ဆောင် ဆောက်ဖို့ ရည်ရွယ်ထားတယ်''ဟု ဦးဇေယျာသော်က ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး