ခရစ္စမတ်နှင့် နှစ်သစ်ကူးကာလတွင် Stay at Home သတ်မှတ်ချက်အားတင်းကျပ်စွာဆောင်ရွက်မည်ဟု ဦးဖြိုးမင်းသိန်းဆို

ခရစ္စမတ်နှင့် နှစ်သစ်ကူးကာလတွင် Stay at Home သတ်မှတ်ချက်အားတင်းကျပ်စွာဆောင်ရွက်မည်ဟု ဦးဖြိုးမင်းသိန်းဆို

ရန်ကုန်တိုင်း၌ ခရစ္စမတ်နှင့် နှစ်သစ်ကူးကာလတွင် Stay at Home သတ်မှတ်ချက်များအား တင်းကျပ်စွာဆောင်ရွက်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ၎င်း၏လူမှုကွန်ရက်စာမျက်နှာတွင် ဒီဇင်ဘာ ၁၈ ရက် နေ့လယ်ပိုင်းက ရေးသားပြောဆိုထားသည်။

'' Christmas နှင့် New Year ကာလတွေမှာ Stay at Home ကိုတင်းတင်းကျပ်ကျပ်ဆောင်ရွက်မှာပါ။နှစ်သစ်ကို ကျန်းမာစွာဖြင့်ဖြတ်သန်းနိုင်ဖို့ဆောင်ရွက်မှာပါ''ဟု ဦးဖြိုးမင်းသိန်းက ပြောဆိုထားသည်။ထို့ပြင် နှစ်သစ်ကူးညဖြစ်သည့်ဒီဇင်ဘာ ၃၁ ရက် ညပိုင်းတွင် အင်းယားကန်ပေါင်၌ အပန်းဖြေလည်ပတ်ခွင့်နှင့် နှစ်သစ်ကြိုဆိုမှုအား ကိုဗစ်စည်းကမ်းများနှင့်အညီခွင့်ပြုမည်ဆိုသည့်သတင်းအား ပြည်တွင်းသတင်းဌာနတစ်ခုက ဖော်ပြထားမှုအပေါ်ဖေ့စ်ဘွတ်ခ်သုံးစွဲသူတချို့က ဝေဖန်ပြောဆိုမှုမြင့်တက်နေမှုကိုလည်း ဖြေရှင်းပြောဆိုခဲ့သည်။

''မဖွင့်ပါဘူး။ တင်းကျပ်မှာပါ''ဟု ဦးဖြိုးမင်းသိန်းက ပြောဆိုခဲ့သည်။ဒီဇင်ဘာ ၁၈ ရက် ညနေပိုင်းအထိ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ထုတ်ပြန်ချက်အရ ရန်ကုန်တိုင်းဒေသကြီးတွင် COVID-19 ရောဂါပိုးတွေ့ရှိသူများ ၆၅၂ ဦးအထိရှိခဲ့ကြောင်း ထုတ်ပြန်ထားသည်။ ထို့ပြင် စျေးအချို့၌ နှာခေါင်းစည်းများတပ်ဆင်မှုမရှိခြင်း၊ စနစ်တကျတပ်ဆင်ခြင်းမရှိသူများ များပြားနေသည့်အတွက် ထိုကဲ့သို့စျေးရောင်းချသူများအား စျေးရောင်းချခွင့်မပြုရန်အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက သက်ဆိုင်ရာစျေးတာဝန်ရှိသူများ၊ ကြီးကြပ်သူများအား အသိပေးတိုက်တွန်းပြောဆိုထားသည်။ ဒီဇင်ဘာ ၁၇ ရက် ညပိုင်းအထိ မြန်မာနိုင်ငံတွင် COVID-19 အတည်ပြု လူနာပေါင်း ၁၁၃ဝ၈၂ ဦးရှိပြီဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီးသည် လက်ရှိအချိန်အထိ ရောဂါဖြစ်ပွားမှုမြင့်တက်နေသည့်စာရင်းထဲတွင်ပါဝင်နေပြီး မြို့နယ်တစ်ခုမှအပ ကျန်မြို့နယ်အားလုံးအား Stay at Home အဖြစ်သတ်မှတ်ခံထားရသည်။ ရန်ကုန်တိုင်းဒေသကြီးပြည်လမ်းရှိ အင်းယားကန်ပေါင်သည် နှစ်သစ်ကူးကာလအပြင် အခြားသောပျော်ပွဲရွှင်ပွဲနေ့များ၌ လူစည်ကားများပြားတတ်သည့်နေရာဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး