သန်လျင်မြို့နယ် ကြက်ခြေနီအသင်းခွဲသို့ အသက်ကယ်အောက်စီဂျင်အိုးနှင့် လူနာတင်ယာဉ် တစ်စီးလှူဒါန်း

သန်လျင်မြို့နယ် ကြက်ခြေနီအသင်းခွဲသို့ အသက်ကယ်အောက်စီဂျင်အိုးနှင့် လူနာတင်ယာဉ် တစ်စီးလှူဒါန်း

ရန်ကုန်တောင်ပိုင်းခရိုင် သန်လျင်မြို့နယ် ကြက်ခြေနီအသင်းခွဲ၏ လူမှုကရုဏာလုပ်ငန်းများ ပိုမိုလုပ်ဆောင်နိုင်ရန်အတွက် နှစ်ဖက်မိဘများအားအမှုထား၍ သန်လျင်မြို့နယ် ဗိုလ်ချုပ်ကျေးရွာ နယ်မြေ(၁၅) တောရကျောင်းလမ်းနေ အလှူရှင် ဦးဇော်ဝင်း (ဇနီး)ဒေါ်ချောစုလှိုင်၊ (သား) မောင်ဇော်ပိုင်ထက် (သမီး) မအိမ့်ချစ်ပိုင် မိသားစုမှ သားဖြစ်သူ မောင်ဇော်ပိုင်ထက် (၁၉)နှစ်ပြည့် မွေးနေ့အလှူအဖြစ် မြို့နယ်ကြက်ခြေနီအသင်းခွဲအား အသက်ကယ်အောက်စီဂျင်အိုးနှင့် AMBULANCE လူနာတင်ယာဉ် တစ်စီး ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ဒီဇင်ဘာ ၁၈ရက် နံနက် ၁ဝ နာရီက သန်လျင်မြို့နယ် ထန်းပင်ကုန်းရပ်ကွက် စတုဘုမ္မိက မဟာသတိပြာန်ကျောင်းတိုက်၌ကျင်းပသည်။

လှူဒါန်းပွဲအခမ်းအနားအား နမောတသ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ကာ ဆရာတော်ကြီးများထံမှအလှူရှင် မိသားစုနှင့် ဧည့်ပရိသတ်များက ငါးပါးသီလ ခံယူဆောက်တည်ကြပြီး သန်လျင်မြို့နယ် ကြက်ခြေနီအသင်းခွဲ ဥက္ကဌ ဦးဆန်းလင်းနိုင်ကမြို့နယ်ကြက်ခြေနီ အသင်းခွဲ၏ လူမှုကရုဏာလုပ်ငန်း ဆောင်ရွက်နေမှုများအား ရှင်းလင်းလျှောက်ထား၍ အလှူရှင်မိသားစုမှ အသက်ကယ် အောက်စီဂျင်အိုးများနှင့် လူနာတင်ယာဉ်တစ်စီးကို ကြက်ခြေနီအသင်းခွဲထံသို့ ပေးအပ်လှူဒါန်းရခြင်းအား လျှောက်ထားခဲ့ကြသည်။

ဆက်လက်၍ အလှူရှင်မိသားစုမှ ဆရာတော်ကြီးများအား ဆွမ်းဆန်တော်၊ ဆီနှင့် နဝကာမ အလှူငွေများအား ဆက်ကပ်လှူဒါန်းပြီး သန်လျင်မြို့နယ် ကြက်ခြေနီ အသင်းခွဲသို့အသက်ကယ် အောက်စီဂျင်အိုးခြောက်လုံး၊ လူနာတင်ယာဉ်နှင့် သက်ဆိုင်သော ပိုင်ဆိုင်မှု စာရွက်စာတမ်းများအား လွှဲပြောင်းပေးအပ်ရာ သန်လျင်မြို့နယ် ကြက်ခြေနီအသင်းခွဲဥက္ကဌ ဦးဆန်းလင်းနိုင်က လက်ခံရယူပြီး အလှူရှင်မိသားစုအား ဂုဏ်ပြုမှတ်တမ်း ပြန်လည် ပေးအပ်ခဲ့ကြောင်းသိရသည်။

ထို့နောက် ဆရာတော်ကြီးများထံမှ အလှူရှင်မိသားစုနှင့် ဧည့်ပရိသတ်များက လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ တရားတော် နာယူခဲ့ကြပြီး အခမ်းအနားအား "ဗုဒ္ဓသာသနာစိရံတိဌတု" သုံးကြိမ်ရွတ်ဆို ရုပ်သိမ်း၍ ဆရာတော်ကြီးများအား နေ့ဆွမ်းနှင့် အချိုပွဲများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

အဆိုပါ အသက်ကယ် အောက်စီဂျင်အိုးနှင့် လူနာတင်ယာဉ် တစ်စီးပေးအပ် လှူဒါန်းခြင်းအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ COVID-19 ကာလ ထုတ်ပြန်ထားသော စည်းကမ်းများနှင့်အညီ ပြုလုပ်ခဲ့ကြောင်းသိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး