တောင်ကိုးရီးယားနိုင်ငံက လှူဒါန်းသည့် ဆန်တန်ချိန် ၈၄ တန်အား စိုက်ပျိုးရေးဦးစီးဌာနမှတစ်ဆင့် စစ်ကိုင်းတိုင်းအစိုးရထံသို့ လွှဲပြောင်းပေးအပ်ပွဲကိုဒီဇင်ဘာ ၁၈ ရက် နံနက် ၉ နာရီက မုံရွာမြို့ စစ်ကိုင်းတိုင်း စိုက်ပျိုးရေးရုံးခန်းမတွင် ကျင်းပခဲ့သည်။
''COVID-19 ကပ်ရောဂါခံစားနေရတဲ့ စစ်ကိုင်းတိုင်းထဲက ပြည်သူတွေအတွက် APTERR Tier-3 အစီအစဉ်အရ တောင်ကိုးရီးယားသမ္မတနိုင်ငံကဆန်ရိက္ခာ ၈၄ တန်ကို စိုက်ပျိုးရေးဦးစီးဌာနကတစ်ဆင့် လှူဒါန်းတဲ့အတွက်အများပြည်သူကို အများကြီးအထောက်အကူပြုမှာဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းအစိုးရအဖွဲ့အနေနဲ့ APTERR Tier-3 အဖွဲ့ဝင်နိုင်ငံတွေ ဆန် (၈၄)တန်လှူဒါန်းတဲ့ ကိုရီးယားသမ္မတနိုင်ငံကို ကျေးဇူးတင်ပါတယ်'' ဟု စစ်ကိုင်းတိုင်းစိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးကမ်ဇာမုံက ပြောသည်။COVID-19 စည်းကမ်းချက်များနှင့်အညီ ကျင်းပသော လွှဲပြောင်းပေးအပ်ပွဲသို့ စစ်ကိုင်းတိုင်း စိုက်ပျိုးရေး မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး စည်ပင်သာယာရေးဝန်ကြီး၊ စာရင်းစစ်ချုပ်၊ ဥပဒေချုပ်၊ တိုင်းအဆင့်ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ တက်ရောက်သည်။
''မြန်မာနိုင်ငံမှာ COVID-19 ကပ်ရောဂါခံစားနေရတဲ့ ကချင်၊ ကယား၊ကရင်၊ ချင်း၊ စစ်ကိုင်း၊ တနင်္သာရီ၊ မကွေး၊ မွန်၊ ရှမ်းနဲ့ ဧရာဝတီစတဲ့တိုင်းနဲ့ပြည်နယ် ၁ဝ ခုက ပြည်သူ ၆ဝ၂၇၂ ဦးကို APTERR Tier-3 အစီအစဉ်နဲ့ရန်ကုန်တိုင်း သန်လျင်ဂိုဒေါင်မှာ သိုလှောင်ထားတဲ့ ကိုးရီးယားသမ္မတနိုင်ငံက Pre-Positioned အဖြစ်လှူတဲ့ ဆန်တန် ၆ဝဝ ကို ဖြန့်ဖြူထောက်ပံ့လှူဒါန်းတဲ့အစီအစဉ်ဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းကလူဦးရေ (၈၅၂၅)ဦးအတွက် ဆန်(၈၄)တန် လှူမှာဖြစ်ပါတယ်'' ဟု စစ်ကိုင်းတိုင်းစိုက်ပျိုးရေး ဦးစီးဌာနညွှန်ကြားရေးမှူး ဦးဝင်းလှိုင်ဦးက ပြောသည်။
ကိုရီးယားနိုင်ငံမှလှူဒါန်းသည့် ဆန်တန်ချိန်(၈၄)တန်ကို စစ်ကိုင်းတိုင်းစိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝင်းလှိုင်ဦးက ပေးအပ်လှူဒါန်းရာစစ်ကိုင်းတိုင်းစိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဦးကမ်ဇာမုံကလက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာကို စစ်ကိုင်းတိုင်းစည်ပင်သာယာ ဝန်ကြီးဦးမြင့်ကြည်ကပေးအပ်ရာ ဦးဝင်းလှိုင်ဦးက လက်ခံရယူသည်။
















