ရှေးဟောင်းပစ္စည်းဟုယူဆရသည့်ရွှေထည်များတွေ့ရှိသော စစ်ကိုင်းတိုင်းဒေသကြီး မြောင်မြို့နယ် ကျောင်းဖြူကျေးရွာအနောက်ဘက် ဧရာဝတီမြစ်လက်တက်နေရာအား လုံခြုံရေးကင်းချကာကြပ်မတ် ဆောင်ရွက်နေကြောင်း မြောင်မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဌ ဦးတင်ထွန်းအောင်ထံမှသိရသည်။
''တစ်ပတ်ကျော်လောက်ရှိပြီ။ ကန့်သတ်ထားတာ။ ဘာလို့လည်းဆိုတော့ရွှေရှာတဲ့သူတွေက ကမ်းပါးတွေဖြိုတယ်။ ဖြိုတော့ဒေသခံတွေက ကမ်းပါးပြိုတော့ သူတို့စိုက်ခင်းမြေတွေပါသွားတယ်ဆိုပြီး အပြန်အလှန်ခိုက်ရန်ဖြစ်ပွားမှာ စိုးရိမ်တဲ့အတွက်၂၄ နာရီ ရဲကင်းချထားပါတယ်။ လာတဲ့သူမှန်သမျှမောင်းထုတ်နေတော့ အခုမလာကြတော့ဘူး''ဟု ဦးတင်ထွန်းအောင်က ပြောသည်။
မြောင်မြို့နယ် ကျောင်းဖြူ ကျေးရွာနေ ဦးကျော်မိုးသည် ဒီဇင်ဘာ ၉ ရက်က ကျောင်းဖြူကျေးရွာ၏ အနောက်ဘက် ပေ ၁ဝဝဝ ခန့်အကွာချောင်းအတွင်း ရေခပ်ရန်သွားစဉ်ချောင်းရေတိုက်စားကာ ကမ်းပါးပြိုကျထားသည့်နေရာ၌ေ ရှးဟောင်းပစ္စည်းဟုယူဆရသည့် အလေးချိန်တစ်ကျပ်သားခန့်ရှိရွှေထည်ပစ္စည်းတစ်ခုကို စတင်တွေ့ရှိခြင်းဖြစ်သည်။
ထို့နောက် ကျေးရွာအုပ်ချုပ်ရေးမှူးဦးအောင်မင်းဝေ၊ တစ်ရွာတည်းနေသူများဖြစ်သည့် ဦးချစ်စန်းဦး၊ ဦးလှမင်းဦးတို့အားပြောပြကာ ကျေးရွာသားအချို့နှင့်အတူ အဆိုပါနေရာသို့ထပ်မံသွားရောက်၍ ရှာဖွေခဲ့ရာတွင် ချောင်းကမ်းစပ်ရှိရေထဲမှ အလေးချိန်ငါးမူးသားကျော်ခန့်ရှိ ရွှေထည်ပစ္စည်းသုံးခုထပ်မံတွေ့ရှိခဲ့သည်။ ဒေသခံများကဒီဇင်ဘာ ၉ ရက်က တွေ့ရှိသောရှေးဟောင်းရွှေထည်ပစ္စည်းများ အပါအဝင်ရွှေထည်ပစ္စည်းခြောက်ခုနှင့် ကြေးဟင်္သာ အလေးတစ်ခုတို့ကို မြို့နယ်စီမံခန့်ခွဲမှုကော်မတီသို့ အပ်နှံခဲ့ရာတာဝန်ရှိသူများက အဆိုပါရှေးဟောင်းရွှေထည်ပစ္စည်းများကို ဒီဇင်ဘာ ၁၄ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ထံ ပေးပို့အပ်နှံခဲ့ရာ ဝန်ကြီးချုပ်က ပစ္စည်းတွေ့ရှိသူဒေသခံများအတွက် ကြိုတင်ဆုကြေးငွေကျပ် ၅၁ သိန်း ချီးမြှင့်ခဲ့ကြောင်းသိရသည်။
ဒေသခံငါးဦးတို့ထပ်တွေ့ခဲ့သည့်ရှေးဟောင်းရွှေထည်ပစ္စည်း ငါးမျိုးနှင့်ဟင်္သာရုပ်တစ်ခုတို့ကို မြို့နယ် စီမံခန့်ခွဲမှုကော်မတီဥက္ကဌနှင့်အတူ ဒီဇင်ဘာ ၁၈ ရက် နံနက် ၁ဝ နာရီက ဒုတိယအကြိမ်လာရောက်အပ်နှံခဲ့ရာ ဝန်ကြီးချုပ်က ပစ္စည်းတွေ့ရှိသူ ဒေသခံငါးဦးအတွက် ကြိုတင်ဆုကြေးငွေ ၄၄၈ဝဝဝဝ ကျပ်ကို ပေးအပ်ချီးမြှင့်ခဲ့သည်။
''တိုင်းအစိုးရကိုအပ်တာနှစ်ကြိမ်ရှိပြီ။ ပထမအကြိမ်က ပစ္စည်းခြောက်မျိုး၊ ဒုတိယအကြိမ်က ပစ္စည်းငါးမျိုးစုစုပေါင်း ၁၁ မျိုး အပ်ထားတယ်။တွေ့တဲ့သူတွေကိုလည်း တိုင်းအစိုးရကကာလပေါက်ဈေးနဲ့အပ်တဲ့ ရွှေအလေးချိန်အတိုင်း တန်ဖိုးဖြတ်ပြီး ကနဦးချီးမြှင့်ငွေပေးထားတယ်။ ပစ္စည်းတွေကို ရှေးဟောင်းသုတေသနကို အပ်လိုက်လို့ ရှေးသုတေသနက သက်ဆိုင်ရာခေတ်အလိုက် လက်ရာကြေးစတာတွေ ထပ်ရဖို့ရှိတာပေါ့။ ဒီနေရာမှာလာပြီးရှာတာတွေ၊ မှတ်တမ်းတင်တာတွေလုပ်ဖို့ စာတင်ထားတယ်။ ရှေးဟောင်း သုတေသနက လာစစ်ဆေးပေးမယ်။ မြစ်ကမ်းပါးထိန်းသိမ်းရေးတွေလုပ်ပေးဖို့ စာတင်ထားတယ်။ သူတို့ဆက်လုပ်ပါလိမ့်မယ်'' ဟု ဦးတင်ထွန်းအောင်က ပြောသည်။
ပစ္စည်းများကို သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနသို့ ပေးပို့သွားမည်ဖြစ်ပြီး ဦးစီးဌာနရှိ ပညာရှင်အဖွဲ့က ပစ္စည်းအမျိုးစားနှင့် ခေတ်ကာလသတ်မှတ်ချက်တို့ကို စစ်ဆေးပေးမည်ဖြစ်ကြောင်းနှင့် ဆက်လက်၍လည်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနသို့ပေးပို့၍ အရည်အသွေးနှင့် အလေးချိန်တို့ကို စစ်ဆေးမည်ဖြစ်ကာ မူလရွှေထည်တန်ဖိုးအပြင် ခေတ်ကာလတန်ဖိုးနှင့် အနုစိတ်လက်ရာတို့ကို ဖြည့်စွက်ပေါင်းထည့်၍ ထိုက်တန်စွာဆုချီးမြ§င့်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
















