မြဝတီမြို့မရဲတပ်ဖွဲ့စခန်းအတွင်းရှိ အချုပ်ထောင်မှ အချုပ်သား ရှစ်ဦးတွင် COVID-19 ရောဂါပိုးတွေ့ရှိခဲ့ကြောင်း ဒီဇင်ဘာ ၁၉ ရက် နံနက်ပိုင်းတွင် သိရသည်။
မြဝတီရဲစခန်းအတွင်းရှိ ရဲအုပ်တစ်ဦးနှင့်ရဲတပ်ဖွဲ့ဝင်သုံးဦး၊ ရဲတပ်ဖွဲ့မိသားစုသုံးဦး စုစုပေါင်းခုနစ်ဦးကိုပြီးခဲ့သည့်ခုနစ်ရက်ခန့်က ကိုဗစ်ရောဂါပိုးတွေ့ရှိပြီး ဒီဇင်ဘာ ၁၉ ရက်နံနက်ပိုင်း၌ အချုပ်သားရှစ်ဦး၌ ကိုဗစ်ပိုး တွေ့ရှိခဲ့ခြင်းဖြစ်သည်။
''အခုဒီနေ့မနက်မှာ အချုပ်ထောင်မှာရှိတဲ့ အချုပ်သားအားလုံးကို မြဝတီဆေးရုံကြီးက ဆရာဝန်တွေလာပြီးကိုဗစ်ရောဂါပိုး စစ်ဆေးမှုတွေပြုလုပ်နေပါတယ်၊ လောလောဆယ်တော့ရှစ်ဦး Positive ဖြစ်တာပေါ့။ ကျန်အချုပ်သားတွေနဲ့အတူမထားဘဲ ဆေးကုသမှုတွေ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်'' ဟု မြဝတီရဲတပ်ဖွဲ့စခန်းမှတာဝန်ရှိသူတစ်ဦးက ပြောသည်။
မြဝတီရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်လေးဦးနှင့် မိသားစုသုံးဦး စုစုပေါင်းခုနစ်ဦးအပြင် အချုပ်သားရှစ်ဦးတို့အားဆေးကုသမှုများ ဆောင်ရွက်လျက်ရှိပြီးရဲစခန်းဝင်းအတွင်း ပိုးသတ်ဆေးဖျန်းခြင်းများ ဆောင်ရွက်နေသည်။မြဝတီမြို့တွင် ဒီဇင်ဘာ ၁၈ ရက်အထိကိုဗစ်ရောဂါကူးစက်သူ ၃၄၅ ဦးရှိခဲ့ရာမှယနေ့အချုပ်သားရှစ်ဦးတွေ့ရှိခဲ့သဖြင့် မြဝတီမြို့တွင် ဒီဇင်ဘာ ၁၉ ရက် နံနက်ပိုင်းအထိ ကိုဗစ်ရောဂါပိုးတွေ့ရှိသူ စုစုပေါင်း ၃၅၃ ဦး ရှိပြီဖြစ်ကြောင်း သိရသည်။
















