ဝိတိုရိယတောင်ထိပ်သို့ ကားဖြင့်တက်ရောက်မှု လုံးဝခွင့်မပြုတော့ဟုဆို

ဝိတိုရိယတောင်ထိပ်သို့ ကားဖြင့်တက်ရောက်မှု လုံးဝခွင့်မပြုတော့ဟုဆို

COVID-19 ရောဂါကူးစက်ပြန့်ပွားမှုနည်းပါးသွားချိန်၊ပြည်တွင်းပြည်ပဧည့်များပြန်လည်လည်လက်ခံချိန်တွင် ချင်းပြည်နယ်၏ အမှတ်တရနေရာတစ်ခုဖြစ်သည့် ဝိတိုရိယတောင်ထိပ်ပေါ်သို့ကားဖြင့်တိုက်ရိုက်တက်ရောက်လည်ပတ်မှုကို လုံးဝခွင့်ပြုတော့မည်မဟုတ်ကြောင်း ချင်းပြည်နယ်ဒေသဆိုင်ရာစီမံခန့်ခွဲမှုကော်မတီမှတာဝန်ရှိတစ်ဦးကပြောသည်။

“ COVID-19 ကာလပြီးချိန်၊ပြည်တွင်းပြည်ပခရီးသွားတွေပြန်လည်ဝင်ရောက်ချိန်မှာ ဝိတိုရိယတောင်ထိပ်ကိုကား၊ ဆိုင်ကယ်နှင့်လုံးဝတက်ခွင့်ပြုတော့မှာမဟုတ်ပါဘူး၊ အဓိက ကတော့သဘာဝအခြေခံခရီးသွားလုပ်ငန်းပီပီပြင်ပြင်ပေါ်လာစေဖို့ရည်ရွယ်ပြီးဆောင်ရွက်တာဖြစ်ပါတယ်၊ခြွင်းချက်အနေနှင့်အရေးပေါ်ယာဉ်၊ လုပ်ငန်းသုံးယာဉ်တွေကိုတော့သွားလာခွင့်ပြုပါမယ်၊ကားသံ၊ဆိုင်ကယ်သံတွေကြောင့်တောကောင်သားကောင်လေ့လာလိုသူတွေအတွက်လည်းအနှောင့်အယှက်ဖြစ်ပါတယ်၊”ဟု၎င်းကပြောသည်။

ပြည်တွင်းပြည်ပခရိးသွားများပြန်လည်ဝင်ရောက်လာချိန်တွင် ဝိတိုရိယတောင်ထိပ်သို့တက်ရောက်သည့်ကားများကို(၁၀)မိုင်စခန်းတွင်လည်းကောင်း၊ ဆိုင်ကယ်များကို(၁၁မိုင် ၁ဖါလုံ)ဆမီးလမ်းခွဲတွင်လည်းကောင်း ထားခဲ့ရမည်ဖြစ်ပြီး၊တောင်ထိပ်အထိလမ်းလျှောက်သွားလာရမည်ဖြစ်သည်။

“ကျွန်တော်တို့ဒေသဟာ တောသဘာဝပတ်ဝန်းကျင်မပျက်ယွင်းဖို့အထူးဂရုစိုက်ရမှာဖြစ်ပြီး၊တောတွင်းမှာနေထိုင်ကြတဲ့တောကောင်သားကောင်တွေငှက်တွေ၊ သစ်တောသစ်ပင်တွေသစ်ခွတွေ၊မပျောက်ပျက်ဖို့လိုပါတယ်၊ အားလုံးဟာသဘာဝအတိုင်းရှိနေမှ ဧည့်တွေလာမှာဖြစ်ပါတယ်၊ဒါ့ကြောင့်မို့ သစ်တော၊သစ်ပင်၊ သစ်ခွခုတ်ယူ ခွာယူသူတွေကိုလည်းဒေသခံတွေပူးပေါင်းပါဝင်မှုနှင့်ကာကွယ်အရေးယူမှုလိုသလို၊ ရှားပါးတောကောင်သားကောင်၊တွေကိုပစ်ခတ်သတ်ဖြတ်စားသောက်ရောင်းချမှုကိုလည်းအထူးကာကွယ်ဖို့လိုနေပြီဖြစ်ပါတယ်” ဟုကန်ပက်လက်ဒေသခံဦးဟာလိန်းကပြောသည်။

ချင်းပြည်နယ်တောင်ပိုင်းကန်ပက်လက်မြို့နယ်တွင်တည်ရှိ့သောချင်းပြည်နယ်၏အမှတ်တရနေရာတစ်ခုဖြစ်သောဝိတိုရိယတောင်ခေါ်နတ်မတောင်ခေါ် ခေါ်နူးစုမ်အမျိုးသားဥယျာဉ်တွင်နှစ်စဉ်ပြည်တွင်းပြည်ပဧည့်သောင်းချီဝင်ရောက်သောနေရာဖြစ်သည့်အတွက် COVID-19 အလွန်၊ပြည်တွင်းပြည်ပဧည့်များပြန်လည်ဝင်ရောက်လာချိန်တွင် ဧည့်များအနားယူနေထိုင်နိုင်ရန်နေရာ၊ရှုခင်းများဓာတ်ပုံရိုက်ကူးနိုင်ရန်နေရာများအခြားသောလေ့လာစရာ၊ အပန်းဖြေစရာနေရာများကိုဖေါ်ဆောင်လျှက်ရှိပြီး၊ ဝိတိုရိယတောင်ထိပ်အထိသဘာဝအတိုင်းလမ်းလျှောက်တက်ရောက်နိုင်သောလမ်းများကို သက်ဆိုင်ရာအမျိုးသားဥယျာဉ်တာဝန်ရှိတို့မှ ဖေါ်ဆောင်နေခြင်းဖြစ်သည်။

“ကျွန်တော်တို့ဒေသဆိုင်ရာကော်မတီအနေနှင့်(၁၀)မိုင်စခန်းမှာသောက်သုံးရေရရှိရေး၊ ကိုးလောင်းရေတံခွန်ဆိုင်းဘုတ်၊ လမ်းညွှန်ဆိုင်းဘုတ်တွေ၊ အနားယူ၊နားနေနိုင်တဲ့ကွပ်ပျစ်တွေနဲ့ အခြားလိုအပ်တာတွေကိုကြိုတင်စီမံဆောင်ရွက်နေပါတယ်” ဟုကန်ပက်လက်မြို့နယ်နတ်မတောင်အမျိုးသားဥယျာဉ်ဒေသဆိုင်ရာထိန်းသိမ်းရေးကော်မတီတာဝန်ရှိကပြောသည်။

ဝိတိုရိယတောင်ခေါ်နတ်မတောင်အမျိုးသားဥယျာဉ်သည်ကန်ပက်လက်၊မင်းတပ်၊မတူပီသုံးမြို့နယ်အတွင်းတည်ရှိ့ပြီး၊အကျယ်အဝန်း(၁၇၆၃၀၀)ဧကရှိသည်။ ဝိတိုရိယတောင်ခေါ်နတ်မတောင်မှာပင်လယ်ရေမျက်နှာပြင်အထက်ပေ(၁၀၅၀၀)တွင်တည်ရှိပြီး (၂၀၀၈)ခုနှစ်တွင်အမျိုးသားဥယျာဉ်အဖြစ်အတည်ပြုခဲ့ခြင်းဖြစ်သည်။နတ်မတောင်အမျိုးသားဥယျာဉ်တွင်ငှက်မျိုး(၃၄၅)မျိုး၊တွားသွားသတ္တဝါ(၁၀၅)မျိုး၊နို့တိုက်သတ္တဝါ(၃၅)မျိုး၊လိပ်ပြာ(၉၉)မျိုး၊အခွံမာသတ္တဝါ(၃၅)မျိုး၊အပင်မျိုးစိတ်(၂၅၀၀)မျိုး၊ရေညှိ(၁၅၂)မျိုး၊သစ်ခွအမျိုး(၂၀၀)ရှိကြောင်းသိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး