မန္တလေးမြို့ မြရည်နန္ဒာအိမ်ရာအတွင်း ဆိုင်ကယ်ပျောက်ဆုံးမှုများလျော့နည်းရေး အခမဲ့ယာဉ်ရပ်နားနေရာများတိုးချဲ့မည်

မန္တလေးမြို့ မြရည်နန္ဒာအိမ်ရာအတွင်း ဆိုင်ကယ်ပျောက်ဆုံးမှုများလျော့နည်းရေး အခမဲ့ယာဉ်ရပ်နားနေရာများတိုးချဲ့မည်

မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ အကောင်အထည်ဖော်တည်ဆောက်ထားသည့် ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာ တန်ဖိုးမျှတအိမ်ရာအတွင်း၌ မော်တော်ဆိုင်ကယ်ပျောက်ဆုံးမှုများ နေ့စဉ်ဖြစ်ပွားနေသောကြောင့် အခမဲ့ယာဉ်ရပ်နားရန်နေရာတစ်နေရာကို ပထမဦးဆုံး စတင်ထားရှိပေးထားရာ ဆိုင်ကယ်အစီးရေ ပိုမိုများပြားလာပါက နေရာတိုးချဲ့သွားရန်စီစဉ်ထားကြောင်း မြရည်နန္ဒာအိမ်ရာလူမှုကူညီရေးအဖွဲ့မှ သိရသည်။

အိမ်ရာအတွင်းဖြစ်ပွားလျက်ရှိသည့်ဆိုင်ကယ်ခိုးခံရမှုများ လျော့နည်းပပျောက်စေရန်နှင့် အိမ်ရာနေပြည်သူများအနေဖြင့် ၎င်းတို့၏ဆိုင်ကယ်များကိုလုံခြုံစိတ်ချစွာ ရပ်နားနိုင်ရန်ရည်ရွယ်၍အခမဲ့ယာဉ်ရပ်နားရန်နေရာကို ၁၁၈(ဘီ)လမ်းနှင့် ၄၅(အေ)လမ်းထောင့်၊မမ ၂၈၊ တိုက် ၁၉ ဘေးတွင် ယာယီစီစဉ်ပေးထားခြင်းဖြစ်ပြီး လက်ရှိတွင်နေ့စဉ် အစီးရေ ၅ဝ ဝန်းကျင် လာရောက်အပ်နှံမှုရှိနေသည်။

''ဒီအိမ်ရာမှာက တစ်ရက်ကို ဆိုင်ကယ်ပျောက်ဆုံးမှုက အနည်းဆုံး တစ်စီး၊နှစ်စီးတော့ရှိနေတာကြောင့် နေထိုင်သူတွေအတွက် သူတို့ရဲ့ဆိုင်ကယ်တွေကိုလုံခြုံစိတ်ချရတဲ့ နေရာတစ်ခုစီစဉ်ပေးချင်နေတာတော့ အချိန်အတော်ကြာပါပြီ။ အားလုံးက တိုက်ခန်းတွေရဲ့အောက်မှာ ဆိုင်ကယ်ကို ဒီအတိုင်းကြီး ရပ်နားထားပြီး အခန်းထဲမှာပဲ တံခါးပိတ်နေကြတော့ အိမ်ရာဟာ ဆိုင်ကယ်သူခိုးတွေရဲ့ ပစ်မှတ်တစ်ခုလိုဖြစ်နေရတာပါ။လွန်ခဲ့တဲ့ ၃ ရက်လောက်ကမှစတင်ပြီးတော့ ဒီနေရာလေးဖြစ်ပေါ်လာတာဖြစ်ပြီး အခုဆိုရင် လာရောက်အပ်နှံတဲ့အစီးရေက တစ်နေ့ထက်တစ်နေ့ တိုးတက်လာပါတယ်။ လက်ရှိနေရာနဲ့လုံလောက်မှုမရှိရင်တော့ ဘေးနားကပန်းခြံလုပ်မယ့်နေရာအလွတ်မှာ ခွင့်ပြုဖို့ အတွက် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီကို တင်ပြသွားမှာပါ။အိမ်ရာလူမှုကူညီရေးအဖွဲ့ဝင်တွေရဲ့ရှိတဲ့အင်အားနဲ့ ဆောင်ရွက်ပေးနေရာမှာပရဟိတအဖွဲ့ဖြစ်တာမို့ နောင်မှာလည်းအပ်နှံခလုံးဝယူမှာမဟုတ်ဘဲ အိမ်ရာနေပြည်သူတွေရဲ့စေတနာအလျောက်လာရောက်လှူဒါန်းမှုတွေကိုသာလက်ခံသွားမှာဖြစ်ပါတယ်။ ကျွန်တော်တို့အဖွဲ့အနေနဲ့ အိမ်ရာမှာနေထိုင်ကြတဲ့သူတွေရဲ့လူမှုရေးကိစ္စတွေနဲ့ အိမ်ရာတိုးတက်ရေးအတွက် သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့အတူ ပူးပေါင်းလုပ်ဆောင်ကြဖို့ ရည်ရွယ်ဖွဲ့စည်းထားတာပါ''ဟုမြရည်နန္ဒာ အိမ်ရာလူမှုကူညီရေးအဖွဲ့၏ ဥက္ကဌ ဦးစံလွင်က ပြောသည်။

ယခုကဲ့သို့ စီစဉ်ပေးထားသည့်အခမဲ့ယာဉ်ရပ်နားရန်နေရာသို့ လာရောက်အပ်နှံသည့် ဆိုင်ကယ်ပိုင်ရှင်များအတွက်အမှတ်စဉ်ပါလက်မှတ်များကို စီစဉ်ထား၍ ဆိုင်ကယ်ပိုင်ရှင်၏ ဓာတ်ပုံ၊တိုက်ခန်းနံပါတ်နှင့်တကွ ဖုန်းနံပါတ်တို့ကို အသေးစိတ် စနစ်တကျ မှတ်တမ်းတင်ထားခြင်းဖြစ်ပြီး ဆိုင်ကယ်အစီးရေပိုမိုများပြားလာပါက လုံခြုံရေးကင်မရာများကိုလည်း တပ်ဆင်သွားမည်ဖြစ်ကာအိမ်ရာအတွင်းသို့ လာရောက်ဆိုင်ကယ်ခိုးယူသူများကို ဖမ်းဆီးရမိရေးအတွက်လည်း နယ်မြေခံရဲတပ်ဖွဲ့နှင့် ပူးပေါင်းစောင့်ကြည့်မှုများကို လုပ်ဆောင်လျက်ရှိကြောင်း အိမ်ရာလူမှုကူညီရေးအဖွဲ့မှသိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး