တေးသံရှင်ပြည့်ဘုန်းမော်နှင့်အတူ 'ကြည့်ခွင့်တော့ရှိတယ် ထိခွင့်မရှိ' သီချင်းသီဆိုရာတွင် Joox No.1 အောင်မြင်မှုရရှိကြောင်း၊ ဒီဇင်ဘာ ၂၁ ရက်တွင်ကျရောက်မည့် မွေးနေ့အကြောင်း၊ အမျိုးသမီးများ ကိုယ့်ဘဝကိုရပ်တည်ရန် အကြံပြုစကားများနှင့်စပ်လျဉ်း၍ အဆိုတော် ကော်နီနှင့် တွေ့ဆုံမေးမြန်းခဲ့သည်များကို မြန်မာတိုင်းမ်သတင်းထောက် နဒီက ရေးသားထားပါသည်-
တီကော်အနေနဲ့ အဆိုတော်အသစ်တစ်ယောက်ကို လက်တွဲခေါ်ဖြစ်တဲ့အကြောင်းလေး ပြောပါဦး။
‘ကြည့်ခွင့်တော့ရှိတယ် ထိခွင့်မရှိ’ သီချင်းကိုတော့ သားပြည့်ဖုန်းမော်က အိပ်မက်ဆုံရာ အဆိုပြိုင်ပွဲကတည်းက ဒီကလေးအဆိုကောင်းတာကို သူ့ပရိသတ်တွေ သိပြီးသားပါ။ ဒီပြိုင်ပွဲမှာ တီကော်က ဒိုင်လုပ်ခါစလေ။ Recoding တစ်ခုမှာ တီကော်တို့ ပြန်ဆုံကြတယ်။ ပြင်ဦးလွင်သွားဖြစ်တိုင်းလည်း ဆုံဖြစ်တာရှိတယ်။ တီကော်နဲ့အတူ သီချင်းဆိုဖို့ကို တော်တော်လေးဟန်ပြင်ခဲ့ပုံရတယ်။ တီကော်က ကြိုသိနေလို့ လက်ခံလိုက်တာကြောင့် ဆိုဖြစ်ခဲ့တာပါ။ တီကော်က ငယ်ငယ်ကတည်းက စုံတွဲသီချင်းမဆိုဘူး။ ဆိုတော့ဆိုခဲ့တယ် ကေအေတီတို့ လက်ထက်မှာ valentine ပေါ်တော့ ဆိုဖြစ်တယ်။ ကိုယ်တိုင်က တစ်ကိုယ်တော်ခွေပဲထုတ်တယ်။ စုံတွဲဆိုဖို့ ကမ်းလှမ်းတိုင်း မဆိုခဲ့လို့ ကိုယ့်ကို ယနေ့ထိ စိတ်ဆိုးတဲ့သူတွေရှိတယ်။ ငါ့တို့စုံတွဲဆိုရင် ဘယ်တော့မှ ကော်နီကို ခေါ်မဆိုဘူးဆိုတဲ့ သူတွေလည်းရှိတယ်။ ကိုယ်က စည်းကမ်းတစ်ခုထားခဲ့တယ်။ ဒီအသက်အရွယ်မှာတော့ ဒီထက်အောင်မြင်မှုရရင် ဘယ်လောက်အောင်မြင်တော့မလဲနော်။ ကိုယ့်ကို ဘယ်သူပဲ ကမ်းလှမ်းကမ်းလှမ်းဆိုပေးလိုက်တော့မယ်ဆိုပြီး တီကော်စိတ်ကို ထပ်လျှော့လိုက်တာပေါ့။ အမှန်တကယ်တော့ ဘယ်သောအခါမှ မလျှော့ခဲ့ဘူး။ အနုပညာနဲ့ပတ်သက်ရင် တတ်နိုင်သလောက် ပေးဆပ်သွားမယ်လို့ စဉ်းစားလိုက်တယ်။ သားကပြောလို့ တီကော်ဆိုပေးဖြစ်တာပါ။ တီကော်ထွက်ခဲ့တဲ့ သီချင်းသစ်တွေထဲက ပြန်ရွေးပြီးဆိုဖြစ်တာပါ။
‘ကြည့်ခွင့်တော့ရှိတယ် ထိခွင့်မရှိ’ သီချင်းက Joox 1 ဖြစ်ခဲ့တယ်ဆိုတော့။
ဝမ်းသာတယ်။ ကိုယ့်ထက် ဒီကလေးအောင်မြင်မှုကို ဝမ်းသာတယ်။ ကိုယ်က ဒီကလေးတစ်ယောက်ကို စုံတွဲဆိုပေးလိုက်တဲ့အခါမှာ ဒီကလေးတစ်ယောက်အောင်မြင်မှုက ဒီထက်ပိုသွားလို့ ဝမ်းသာတာပေါ့။ အွန်လိုင်းခေတ်မို့ ပရိသတ်ပိုသိစေတာပေါ့။ ကိုဗစ်ကာလမို့ အွန်လိုင်းမှာ အာရုံစိုက်နေတဲ့အတွက် အဆင်ပြေသွားတယ်။ အွန်လိုင်းအကြောင်းတွေ တီကော် သိပ်နားမလည်ပေးမယ့် ခုခေတ်မှာ ပေါက်ရောက်တယ်။
ဒီဇင်ဘာ ၂၁ ရက်မှာ ကျရောက်မယ့် မွေးနေ့သီချင်းကိုရော ဘယ်လိုစီစဉ်ထားလဲ။
တီကော်ရဲ့ ‘ရေစက်’ ဆိုတဲ့ သီချင်းကို Joox၊ Legacy၊ You Tube မှာပဲတင်မယ်။ ကိုယ့်မွေးနေ့မှာ ပရိသတ်ကိုလက်ဆောင်ပေးချင်တယ်။ တေးရေးအသစ်ပါ ငြိမ်းချမ်းကို ရေးပေးထားတယ်။ ပရိသတ်တွေ တီကော်ထွက်မယ့် သီချင်းအတွက် ပရိသတ်တွေ Tissue တစ်ရူးလေးတွေ ဆောင်ထားလို့ ပြောချင်တယ်။ သူ့ရေးပေးတဲ့အထဲမှာ မိန်းကလေး ဒူးထောက်ရတဲ့စာသားပါတယ်။ မိန်းကလေး ဒူးထောက်ရတာတွေ တီကော် သိပ်မကြိုက်ဘူး။ ဒီစာသားကို ထပ်ပြင်လိုက်တဲ့စာသားက ကောင်းသွားတယ်။
တီကော်ရဲ့ မွေးနေ့မှာ သီချင်းထွက်မယ့်အကြောင်းနဲ့ တခြားဘယ်လိုအစီအစဉ်တွေ လုပ်ဖို့ရှိမလဲ။
တီကော်ရဲ့ ၅၃ နှစ်ပြည့် မွေးနေ့ပါ။ ပထမသီချင်းထွက်ဖို့ကို ကိုယ့်ထက်အရမ်းနာမည်ကြီးတဲ့ ကလေးရဲ့သီချင်းကို ကိုရီးယားမလေးနဲ့ ရိုက်ထားတာမို့ လူငယ်ပိုစိတ်ဝင်စားတာမို့ တီကော် တစ်ပတ်နောက်ပြန်ဆုတ်လိုက်တယ်။ ဒီဇင်ဘာ ၂၃ မှာလည်း ဖြိုးပြည့်စုံနဲ့ မိစန္ဒီရဲ့သီချင်းက ထွက်မယ်ဆိုတော့ ၂၅ ရက်မှာ ကိုယ့်ညီမ တင်ဇာမော်က ထွက်မယ်ဆိုတော့ တီကော်သီချင်းကို ဒီဇင်ဘာ ၂၈ ရက်မှဖြန့်တော့မှာပါ။ တီကော်ရဲ့ ဘုန်းဘုန်းကျောင်းမှာ မနက်အာရုဏ်ဆွမ်း၊ နေ့ဆွမ်းကပ်မယ်။ ကိုဗစ်ကာလမို့ စံပြဆေးရုံမှာ မနက်စာ၊ နေ့လည်စာ၊ ညနေစာပါ လှူမယ်။ မနက်ပိုင်းအတွက် ကိုဂျေညီညီရဲ့ မုန့်ဟင်းခါးကို အားပေးမယ်လို့ စီစဉ်ထားတယ်။ နှစ်တိုင်း မလှူမဖြစ်လှူတဲ့ တိလေး(ခ)တိရစ္ဆာန်လေးကို လှူမယ်။ မိဘမဲ့ဂေဟာတစ်ခုခုမှာလည်း ပွဲတွေဆိုတိုင်း လက်ဆောင်ရတဲ့ အရုပ်လေးတွေကို လှူသွားမှာပါ။
တီကော်ကရော မိန်းကလေး ဒူးထောက်ရတာ မကြိုက်ဘူးဆိုတော့ အမျိုးသမီးတွေဘက်က ဘယ်လောက်ထိ Strong ဖြစ်မလဲ။
ကိုယ့်က အစ်ကိုသုံးယောက်ကြားမှာ ကြီးလာတဲ့ ညီမအငယ်ဆုံးဆိုတော့ အစ်ကိုတွေနဲ့နေလို့ မိန်းကလေးစိတ်နည်းနည်းနည်းတယ်။ ယောက်ျားလေးဆန်တယ်။ တချို့က Tomboy လို့မှတ်ကြတာ။ စိတ်က နဂိုကတည်းက မာတယ်။ အစ်ကိုတွေနဲ့ နေတာကြာတော့ အားလုံးက ဘော်ဒါပဲ။ ကိုယ့်လာကြိုက်လည်း အဲလူက ဘော်ဒါဖြစ်သွားရင်ဖြစ်၊ မဖြစ်ရင် ကိုယ့်သူငယ်ချင်းတွေကြိုက် အဲလိုပဲဖြစ်သွားတယ်။ တီကော်တို့ခေတ်က ခေတ်ကကောင်းသေးတာ။ ဒီဘက်ခေတ်ဆိုရင်တော့ ကိုယ့်ဘာသာပိုက်ဆံရှာစားနိုင်ရင် ရည်စားထားရင်ထား ယောက်ျားတော့မယူကြနဲ့ သေချာရင်တော့ယူပေါ့။ ဒီဘက်ခေတ်က အလွယ်တကူချစ်ကြ ပြတ်ကြဆိုတော့လေ။ခဏခဏပြတ်ကြတာ မြင်ရတာတော့ ရင်ထဲမှာလည်း မကောင်းဘူးလေ။
ဒီဘက်ခေတ်မှာ အမျိုးသမီးတွေကို ကိုယ့်ဘဝကို ရပ်တည်နိုင်ဖို့ဆိုရင် ဘယ်လိုနေထိုင်သင့်တယ်လို့ အကြံပြုချင်လဲ။
အမှန်တကယ်တော့ မြန်မာပြည်မှာသာ မိန်းကလေးတွေကို ထိခိုက်နစ်နာမှုတွေဖြစ်တာပါ။ ကမ္ဘာမှာ အမျိုးသမီးတွေက ရင်ဘောင်လည်းတန်းနိုင်တယ်။ နိုင်ငံခြားမှာ Lady First ဆိုတာရှိတယ်။ မိန်းကလေးဦးစားပေးခံရတယ်။ မြန်မာပြည်မှာတော့ မိန်းကလေးဆိုရင် အိမ်နောက်ဖေးမှာ အလုပ်လုပ်ရတာတို့ ညာတို့ပေါ့။ ဒီဘက်ခေတ်မှာ သိပ်မရှိတော့ဘူး မြင်တယ်။ ကိုယ်တကယ်ချစ်ရင်တော့ ယူပေါ့။ ကိုယ့်ကို ချစ်လာ၊မချစ်လား မသေချာတာမျိုးတို့၊ တစ်ခါတလေရှိတယ်လေ သူများအိမ်ထောင်ကြိုက်မိလို့ အသည်းတွေကွဲမနေနဲ့။ မဖြစ်နိုင်တာကို စဉ်းစားမနေနဲ့။ ကိုယ့်တိုင်အလုပ်လုပ်ရင် ကိုယ်တိုင်ရပ်တည်၊ သူများကို ဒုက္ခပေးမနေနဲ့ အသည်းကွဲလည်း ကိုယ့်ဘာသာ ကိုယ်ခံလိုက်တော့ပေါ့။ အသည်းကွဲတာကို လိုင်းပေါ်တက်ရေးကြဆိုတာ ကြည့်ရတဲ့ ပရိသတ်လည်း စိတ်မချမ်းသာဘူး။ အမှန်တော့ လူတိုင်းမှာ သောကအပူတွေ ရှိကြတယ်။ သူများကို ကိုယ့်အပူ တွေ ပေးသိစရာမလိုဘူးလို့ ထင်တယ်။

















