မြဝတီမြို့နယ် ဆုံဆည်းမြိုင်ကျေးရွာတွင် DKBA (၂၆)နှစ်မြောက် နှစ်ပတ်လည်နေ့ကျင်းပ

မြဝတီမြို့နယ် ဆုံဆည်းမြိုင်ကျေးရွာတွင် DKBA (၂၆)နှစ်မြောက် နှစ်ပတ်လည်နေ့ကျင်းပ

မြဝတီမြို့နှင့် မိုင် ၅ဝ ခန့်အကွာရှိ DKBA ဌာနချုပ်တည်ရှိသည့် ဆုံဆည်းမြိုင်ကျေးရွာရှိ ဆုံပေါင်းမြိုင် ဘောလုံးကွင်းတွင် ဒီဇင်ဘာ ၂၁ ရက်နေ့ နံနက် ၇ နာရီ အချိန်က ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA)၏(၂၆)နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ DKBA စစ်ဦးစီးချုပ်ဗိုလ်ချုပ်ကြီးအဆင့်ရှိစောမိုရှေး၊ ဒုစစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီးအဆင့်ရှိ စောစတီးလ်၊ စစ်ဦးစီးအရာရှိချုပ် ဗိုလ်ချုပ်စောမူးခို့ နှင့် DKBA မှအရာရှိကြီးများနှင့် အရာရှိအရာခံ အကြပ်စစ်သည်များ၊ ရွာသူရွာသားများ စုစုပေါင်း ၁၅ဝ ဦးခန့်တက်ရောက်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် DKBA စစ်ဦးစီးချုပ်စောမိုရှေးက အဖွင့်အမှာစကားပြောကြားရာတွင် (၂၅)နှစ်မြောက် DKBA ဖွဲ့စည်းတည်ထောင်သည့်နှစ်ပတ်လည်နေ့ဖြစ်ကြောင်း၊DKBA သည် ၂၆ နှစ်တာကာလပတ်လုံး ကရင်အမျိုးသားရေးအား အပြည့်အဝအားသွန်ခွန်စိုက်ဆောင်ရွက်လာခဲ့ကြောင်း၊ဆက်လက်၍လည်း (NCA) ကတိကဝတ်များနှင့်အညီ ဒေသတွင်းငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားလုံးနှင့်ပူးပေါင်းလက်တွဲကာ ဆောင်ရွက်သွားကြရန်နှင့် ကရင်အမျိုးသားများစည်းလုံးညီညွတ်ကြရန် လိုအပ်ကြောင်း၊နိုဝင်ဘာ ၂ဝ ရက်က ကလေးစစ်သားပပျောက်ရေးအတွက် ကုလသမဂ္ဂအဖွဲ့အစည်းနှင့် လက်မှတ်ရေးထိုးခဲ့သည်မှာလက်နက်ကိုင်အဖွဲ့ များတွင် DKBA သည် ပထမဆုံးအဖွဲ့ဖြစ်ကြောင်း၊ မိမိတို့DKBA တပ်ဖွဲ့ဝင်များသည် ပြည်သူများနှင့်လက်တွဲ၍ ဒေသဖွံ့ဖြိုးရေးများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ NCA အချက်အလက်များပါ စည်းကမ်းများကို လိုက်နာပြီးငြိမ်းချမ်းရေးကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး ဒေသတွင်း ကျန်းမာရေး၊စီးပွားရေးတို့ကိုလည်း ပိုမိုတိုးတက်လာစေရန်ကြိုးစားသွားမည်ဖြစ်ပြီးလူငယ်များအား ပျက်စီးစေမည့် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားနေမှုများမရှိစေရေးအတွက်လည်း ပြည်သူများနှင့် လက်တွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အခမ်းအနားအပြီးတွင် တက်ရောက်လာသူများနှင့် အမှတ်တရဓာတ်ပုံများရိုက်ကူးကာ ကိုဗစ်ရောဂါထိန်းချုပ်စဉ်ကာလအတွင်း ကျန်းမာရေးဌာနမှ ညွှန်ကြားချက်များနှင့်အညီထမင်းလက်ဆုံ စားသောက်ခြင်းများမပြုလုပ်တော့ဘဲ တက်ရောက်လာသူအားလုံးကို ထမင်းထုတ်များဝေငှပေးခဲ့ကြောင်း သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး