အမေရိကန်ပြည်ထောင်စု ရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒင်သည် ဒီဇင် ဘာ ၂၁ ရက်နေ့တွင် COVID-19 ကာကွယ်ဆေး ထိုးနှံမှုခံယူပုံကို ရုပ်သံမှ တစ်ဆင့် လူသိရှင်ကြား ချပြခဲ့သည်။
ဇန်နဝါရီ ၂၀ ရက်၌ သမ္မတရာထူးကို စတင်တာဝန်ယူချိန်မှစ၍ အမေရိကန်ပြည်သူ ၃၁၅၀၀၀ ကျော်အား သေကြေပျက်စီးစေခဲ့သည့် ကပ်ရောဂါကြီးကို တိုက်ဖျက်သွားမည်ဖြစ်ကြောင်း ဘိုင်ဒင်က ကတိပြုခဲ့ သည်။
ထို့ပြင် သန်းပေါင်းများစွာသော အမေရိကန်ပြည်သူများအတွက် ကာ ကွယ်ဆေးများကို လာမည့်နှစ်တွင် ဖြန့်ဖြူးပေးနိုင်ရန်အတွက် ကြိုးစားလုပ် ဆောင်မည်ဖြစ်ကြောင်း ဘိုင်ဒင်က ပြောကြားခဲ့သည်။
ဘိုင်ဒင်သည် Pfize-BioNTech မှ ထုတ်လုပ်သော ကာကွယ်ဆေးကို ထိုးနှံမှု ခံယူခြင်းဖြစ်ပြီး နှစ်ကြိမ်ထိုးနှံရမည့်အထဲမှ ပထမဆုံးတစ်ကြိမ်ကို ဒီ ဇင်ဘာ ၂၁ ရက်တွင် ခံယူခဲ့သည်။
ယင်းကဲ့သို့ ကာကွယ်ဆေး ထိုးနှံမှုအား လူသိရှင်ကြား ပြသရခြင်းမှာ အမေရိကန်ပြည်သူများအနေဖြင့် ရရှိထားသည့် ကာကွယ်ဆေးအပေါ် ယုံကြည်မှုမြင့်မားလာစေရန်နှင့် စိုးရိမ်မှုမရှိစေရန် အတွက်ရည်ရွယ်ကြောင်း ဘိုင်ဒင်က ပြောကြားခဲ့သည်။
‘’ကာကွယ်ဆေးထိုးဖို့အတွက် အချိန်ကျလာတဲ့အခါမှာ အမေရိကန် ပြည်သူတွေအနေနဲ့ ကြိုတင်ပြင်ဆင်ထားနိုင်ဖို့အတွက် ကျွန်တော် အခုလို မျိုး လုပ်ဆောင်ပြတာဖြစ်ပါတယ်။ ဘာမှ စိုးရိမ်နေစရာ မရှိပါဘူး’’ ဟု ဘိုင်ဒင်က ပြောကြားခဲ့သည်။
အမေရိကန်ပြည်သူများအတွက် ကာကွယ် ဆေးဖြန့်ဖြူးပေးမည့် ကိစ္စရပ်များကို ဘိုင်ဒင်က ကတိပေးခဲ့သော်လည်း ပြည်သူများအနေဖြင့် ကျန်းမာရေးအာဏာပိုင်များ၏ လမ်းညွှန်ချက်ကို လိုက် နာဆောင်ရွက်ကာ လာမည့် အားလပ်ရက်ကာလများတွင် အတတ်နိုင်ဆုံး ခရီးမသွားဘဲ နေအိမ်၌သာ နေထိုင်ကြရန် ပြောကြားခဲ့သည်။
ထို့ပြင် ကာကွယ်ဆေး လျင်မြန်စွာ ရရှိလာမှုနှင့် ဖြန့်ဖြူးရေးကိစ္စများကို အင်တိုက်အားတိုက် ဆောင်ရွက်ပေးခဲ့သော သမ္မတ ဒေါ်နယ်ထရမ့်ဦး ဆောင်သည့် အစိုးရအဖွဲ့ကိုလည်း ချီးမွမ်းဂုဏ်ပြုသင့်ကြောင်း ဘိုင်ဒင်က ပြောကြားခဲ့သည်။

















