သတ်မှတ်အရွယ်ရောက် နိုင်ငံသူ၊ နိုင်ငံသားတိုင်း နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်ပညာသင်ကြားရေးနှင့် ကာကွယ်ရေးတာဝန်ထမ်းဆောင်ရန်အတွက် စည်းရုံးဆောင်ရွက်ရမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
ဒီဇင်ဘာ ၂၁ ရက်က ဘွဲ့ရအမျိုးသမီးဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၇) သင်တန်းဆင်းဂုဏ်ပြုစစ်ရေးပြအခမ်းအနား၌ အထက်ပါအတိုင်းပြောဆိုခဲ့ခြင်းဖြစ်သည်။ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၈၆ ပြဌာန်းချက်များအရ နိုင်ငံသားတိုင်းသည် ဥပဒေပြဌာန်းချက်များနှင့်အညီ စစ်ပညာသင်ကြားရေးနှင့်နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းရန် တာဝန်ရှိသည်ဟု ပြဌာန်းထားကြောင်းလည်း ၎င်းကပြောဆိုသည်။
''မြန်မာနိုင်ငံရဲ့ ပထဝီအနေအထားအရ မြန်မာနိုင်ငံဟာ လူဦးရေများပြားတဲ့နိုင်ငံတွေနဲ့ နယ်နိမိတ်ထိစပ်တည်ရှိနေတာဖြစ်တယ်။ မိမိတို့နိုင်ငံဟာ အာဆီယံနဲ့ တောင်အာရှဒေသအကြားမှာ ပေါင်းကူးပေးနိုင်တဲ့ ကုန်းတွင်းဆက်တံတားသဖွယ်တည်ရှိလျက်ရှိတယ်။ ပထဝီအနေအထားအရ၊ မဟာဗျူဟာအရအချက်အချာကျတဲ့ နိုင်ငံတစ်နိုင်ငံလည်းဖြစ်တယ်။ဒါ့ကြောင့် နိုင်ငံလွတ်လပ်ရေးနဲ့ အချုပ်အခြာအာဏာကိုကာကွယ်ဖို့ စစ်ပညာသင်ကြားရန်နဲ့ စစ်မှုထမ်းရန်နိုင်ငံသားတိုင်း မဖြစ်မနေလုပ်ဆောင်ရမယ့်တာဝန်ဖြစ်တယ်။ ဒါ့ကြောင့် အမျိုးသမီးများဖြစ်သော်လည်းကိုယ်တိုင်ဆန္ဒပြု စစ်မှုထမ်းဆောင်ဖို့ ဆောင်ရွက်ခဲ့ကြတဲ့အတွက်လည်း ဂုဏ်ယူကြောင်း ပြောကြားလိုတယ်။ သတ်မှတ်အရွယ်ရောက် နိုင်ငံသူ၊ နိုင်ငံသားတိုင်း နိုင်ငံကာကွယ်ရေးအတွက် စစ်ပညာသင်ကြားရေး၊ ကာကွယ်ရေးတာဝန်ထမ်းဆောင်ရေး ဆက်လက်စည်းရုံးလုပ်ဆောင်သွားကြဖို့ မှာကြားလိုတယ်''ဟုအဆိုပါအခမ်းအနားတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောဆိုခဲ့သည်။
ထို့ပြင် တပ်မတော်၏အဓိကတာဝန်သည် နိုင်ငံတော်ကာကွယ်ရေးတာဝန်ဖြစ်ကြောင်း၊ ကာကွယ်ရေးဆိုသည့် စကားရပ်သည် အလွန်ကျယ်ပြန့်ကြောင်း၊ကာကွယ်ရေးဟုဆိုရာတွင် နိုင်ငံတစ်နိုင်ငံ၏ နယ်နိမိတ်ကို ကာကွယ်ခြင်း၊ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ခြင်းသာမက နိုင်ငံ၏အမျိုးသားအကျိုးစီးပွားကို ကာကွယ်ခြင်းများလည်းပါဝင်ကြောင်း ပြောဆိုခဲ့သည်။ ပြည်သူများအပေါ်ကျရောက်လာသည့် သဘာဝဘေးအန္တရာယ်၊ ကူးစက်ရောဂါဘေးအန္တရာယ်၊ စားနပ်ရိက္ခာပြတ်လပ်ခြင်းဘေးအန္တရာယ်များကိုလည်း ကာကွယ်ခြင်းအထိ ကျယ်ပြန့်စွာတွေးခေါ်စီမံနိုင်ရန်လိုအပ်ကြောင်း တပ်ချုပ်က ပြောဆိုခဲ့သည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဆက်လက်ပြောဆိုရာတွင် နိုင်ငံတိုင်းတွင် အုပ်ချုပ်သူအစိုးရများပြောင်းလဲတတ်သော်လည်း နိုင်ငံနှင့်တပ်မတော်သည်အစဉ်အမြဲရှိနေရမည့် အဖွဲ့အစည်းများဖြစ်ကြောင်း၊နိုင်ငံအချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲနေရန်အတွက်ကာကွယ်ရေးတာဝန်ထမ်းဆောင်ရမည့် တပ်မတော်တစ်ရပ်ရှိနေရမည်ဖြစ်ကြောင်း၊ ခိုင်မာတောင့်တင်းသည့် တပ်မတော်တစ်ရပ် အမြဲတည်ရှိနေရန်အတွက်နိုင်ငံသားတိုင်းတွင် တာဝန်ရှိကြောင်းလည်း ပြောဆိုခဲ့သည်။
















