ကိုယ့် အတွေးအမြင်တွေ ကောင်းလာဖို့ ဘာသာရေးများများ လုပ်မှရမယ်၊ ပိုပိုလည်း စိတ်ဖိစီးမှုဖြစ်ချိန်ရှိပါတယ်

ကိုယ့် အတွေးအမြင်တွေ ကောင်းလာဖို့ ဘာသာရေးများများ လုပ်မှရမယ်၊ ပိုပိုလည်း စိတ်ဖိစီးမှုဖြစ်ချိန်ရှိပါတယ်

ဒီဇင်ဘာ ၂၅ ရက်တွင်ပြုလုပ်မည့် Po Po Christmas Acoustic Night Online Party အကြောင်း၊ အွန်လိုင်းဖျော်ဖြေမှုအပေါ်  အခက်အခဲများအကြောင်း၊ ပရိသတ်များအတွက် စကားလက်ဆောင်များနှင့်စပ်လျဉ်း၍ အဆိုတော်ပိုပိုအား မေးမြန်းခဲ့သည်များကို မြန်မာတိုင်းမ်သတင်းထောက် နဒီက ရေးသားထားပါသည်-

Po Po Christmas Acoustic Night Online Party လေးကို Member ကြေး ပြုလုပ်ဖြစ်တာကို ပြောပါဦး။

ကိုဗစ်ကာလမှာ ပိုပိုရဲ့ Fan တွေလည်း ပျင်းနေမှာဆိုးတယ်။ ခရစ္စမတ်မှာ အွန်လိုင်းရှိုးချင်တယ်ဆိုပြီးတော့ လုပ်ဖြစ်တာပါ။ ကိုယ့် Fan တွေနဲ့လည်း ပိုပိုတို့ ဆက်သွယ်မှုမပြတ်သွားအောင် ပါပါတယ်။ Private Group member ကြေးအနေနဲ့လုပ်ဖြစ်တာက New Normal Life မှာ အပြင်ရှိုးပွဲလုပ်ဖို့ မလွယ်ဘူး။ ခက်ခဲနေချိန် အခြေအနေတစ်ခုမှာ ကိုယ့် Fan တွေက Member ကြေးဆိုတာ လက်မှတ်ဝယ်ကြည့်သလို စီစဉ်ဖြစ်ခဲ့တာပါ။ ပွဲတစ်ပွဲစာဆိုရင် ၃၀၀၀ ပေါ့။ Po Po VIP Fan Club Group ဝင်ထားရင် တစ်ခြားထူးခြားတဲ့ အစီအစဉ်တွေလည်း လုပ်ပေးထားတယ်။ ပိုပိုနဲ့ တိုက်ရိုက်ဖုန်းပြောလို့ရတယ်။ Zoom Party လုပ်ပေးပါတယ်။ သီးသန့်စီစဉ်ပေးထားတာတွေ ရှိပါတယ်။

ဒုတိယအကြိမ် ဖျော်ဖြေတာဆိုတော့ ပထမအကြိမ်လုပ်ခဲ့တုန်းကရော အွန်လိုင်းဖျော်ဖြေမှုမှာ ဘယ်လို အတွေ့အကြုံတွေရလဲ။

အွန်လိုင်းရှိုးအခက်အခဲဆိုတာထက် ပုံမှန်ရှိုးမှာ ပရိသတ်နဲ့ တိုက်ရိုက်ထိတွေ့ရတဲ့ ခံစားချက်ရှိတယ်။ Live မှာ သီချင်းဆိုတဲ့အတွက် ခံစားချက်နည်းနည်းတော့ ကွာတယ်။ ကိုယ့်ပွဲတစ်ခုကို ကိုယ်တိုင်ဦးဆောင်လုပ်ရတာမို့ စက်ပစ္စည်းပိုင်ဆိုင်ရာတွေ ပြင်ဆင်ရတယ်။ နည်းနည်းလေး တာဝန်ကြီးတယ်။ ကိုယ်တစ်ယောက်ထဲလည်း ဖြစ်တယ်။ ပထမဖျော်ဖြေခဲ့တုန်းက Member ကြေးပွဲလုပ်တော့ Fan တွေက ထူးထူးဆန်းဆန်းဖြစ်နေတာပေါ့နော်။ နိုင်ငံခြားမှာလည်း ပြည်ပအဆိုတော်တွေရဲ့ Fan Club ဆိုတာရှိတယ်။ VIP အနေနဲ့ သူများတွေ အပြင်မှာမမြင်တွေ့ရတဲ့ အရာတွေတင်တယ်။ ပိုပိုတို့နိုင်ငံမှာက ပထမဆုံးပြုလုပ်တာမို့ တချို့ပရိသတ်တွေက ပြောကြတယ်။ တခြားအဆိုတော်တွေလည်း ကိုဖိုးချစ်ရဲ့ ဖျော်ဖြေမှု၊ နှင်းဆီအငြိမ့်က ဖျော်ဖြေမှုတွေလုပ်လိုက်တော့ သူနည်းနည်းပိုသိလာတယ်။ New Normal Live Show ပွဲတွေ ဘယ်လိုဆက်လုပ်ကြမယ်ဆိုတာ နားလည်လာတယ်။ အရမ်းလည်း အဆင်ပြေပါတယ်။ အခက်အခဲဆိုရင်တော့ ပထမတစ်ခေါက် ပိုပိုနဲ့ အတူ သီချင်းဆိုတဲ့ DJ ညီမလေးက သူတီးတဲ့သီချင်းတွေက International Copy Right ညိထားတဲ့ သီချင်းဖြစ်လို့ Page တွေမှာ ဖျက်ချခံရတယ်။ ကျန်တာတော့ အကောင်းဆုံးဖြစ်အောင် ပိုလုပ်သွားမှာပါ။ ဒီ Christmas Acoustic Night Online ဖျော်ဖြေပွဲမှာ Copy Right မညိအောင်လည်း ပိုပိုတို့ ပြင်ဆင်ထားပြီးပါပြီ။ ပိုပိုရဲ့သီချင်း Acoustic ဆိုမှာမို့ အခက်အခဲတွေလည်း မရှိတော့ပါဘူး။

Acoustic ဆိုတော့ ကိုယ်ဆိုပြီးသားတွေ ပြန်ပြောင်းဆိုမလား၊ Acoustic အတွက် သီချင်းသစ်တွေလား။

ပိုပို သီချင်းတွေ တော်တော်များများကို ကိုယ့်ပြန်ဆိုချင်တဲ့ သီချင်းကို Acoustic Style လုပ်ထားတယ်။ ပိုပို အားလုံးပေါင်း ၁၂ ပုဒ်ဆိုဖို့ ရွေးထားပါတယ်။ တစ်ပုဒ်ကတော့ Bonus အနေနဲ့ ထပ်ဆိုပေးမယ်။ Fan တွေလည်း သဘောကျမယ်ထင်တယ်။ ပိုပိုရေးထားပေမယ့် တစ်ခါမှမဆိုထားတဲ့ သီချင်းပါ။ သီချင်းအသစ်လေးကို ဆိုပြမှာပါ။ ဒီ Group ထဲမှာဝင်ထားသူပဲ နားဆင်လို့ရမှာပါ။

ဒီဖျော်ဖြေပွဲအတွက် ပရိသတ်ကို ဘယ်လိုပြောချင်လဲ။

ပိုပိုကို တကယ်အားပေးတဲ့ Fan တွေကို ပြောချင်တာက ဒီ Group ထဲကို လူတိုင်းဝင်လို့ရပါတယ်။ 09420244829 ပိုပိုရဲ့ ဖုန်းနံပါတ်ထဲကို Wave Pay၊ CB Pay၊ AYA Pay စတဲ့ Member ၃၀၀၀ လွဲလိုက်ရမှာပါ။ ငွေလွဲထားတဲ့ အထောက်အထားကို Screen Shot ပြီးတော့ ကိုယ့်ရဲ့ Facebook Account ရဲ့ Link ကို ဒီဖုန်းနံပါတ်ကိုပဲ Viber ထဲကိုပို့ပေးဖို့ လိုအပ်ပါတယ်။ အဲ့ဒါကိုစိစစ်ပြီးတာနဲ့ Group Member အဖြစ် Approve လုပ်ပေးမှာဖြစ်ပါတယ်။ ပိုပိုကို တကယ်ချစ်ပြီးတော့ အားပေးသူတွေ ဒီ Group လာဖို့ ဖိတ်ခေါ်ပါတယ်။ ရင်းရင်းနှီးနှီးဆက်သွယ်ပြောဆိုဖြစ်ပါတယ်။

၂၀၂၀ထဲမှာ သီချင်းတွေလည်း ထွက်တယ်ဆိုတော့လေ သီချင်းတွေရေးဖြစ်နေတယ်ဆိုတော့ ပြောပါဦး။

၂၀၂၀ ခုနှစ် ငါးလပိုင်းထဲ Happy Birthday ဆိုတဲ့ သီချင်းလေးထွက်ဖြစ်ပါတယ်။ ကြားမှာ အနုပညာ ညီအစ်ကိုမောင်နှမတွေနဲ့ ဘုရားရှိခိုးပါ သီချင်းဆက်ထွက်တယ်။ အရိပ်ကလေးလို၊ Holiday ထွက်တယ်။ သီတင်းကျွတ်ဖူးစာ ထွက်ပါတယ်။ တန်ဆောင်တိုင်ချစ်သူ သီချင်းလေး ဆက်ထွက်ပါတယ်။ ငိုမယ် ဆက်ပြီး ပိုပိုထွက်ထားပါတယ်။ တစ်လပိုင်းမှာ ပဋိပက္ခဆိုပြီးတော့ ပိုပိုနဲ့ စည်သူမင်း ဆိုထားတဲ့ အတွဲသီချင်းလေး ထွက်ပါမယ်။ ပိုပိုနဲ့ စည်သူမင်းက ၂၀၁၁ ချစ်ဖူးခဲ့သမျှ ထွက်ခဲ့တယ်။ ဒုတိယတစ်ခေါက်ပြန်ဆုံတဲ့အနေနဲ့ ပဋိပက္ခ ဆိုပြီး ထွက်မှာပါ။ ကြားထဲမှာ အနုပညာအလုပ်တွေ ကိုယ့်တတ်နိုင်သလောက် ပိုပိုအကောင်းဆုံး လုပ်ပါတယ်။ သီချင်းတွေလည်း ရေးဖြစ်တယ်။ ငယ်ချစ်ဦးဆိုတဲ့ သီချင်းလေးလည်း ရေးဖြစ်ပါတယ်။ ကိုမနောကို ရောင်းထားပါတယ်။ ကိုမနောအတွက် အမှတ်တရရေးပေးဖြစ်တာပါ။

ပရိသတ်ကို စကားလက်ဆောင်ပြောပေးပါဦး။

ခုချိန်မှာ စိတ်ညစ်နေကြတာ ကိုယ်တစ်ယောက်ထဲ မဟုတ်ပါဘူး။ လူတိုင်းဖြစ်နေတယ် တစ်ကမ္ဘာလုံးဖြစ်နေတယ်။ ပြင်သစ်မှာလည်း စူပါကိုဗစ်ဆိုပြီး ၁၇ ဆလောက်ဆိုးတဲ့ ကူးစက်မှုတွေ့ဖြစ်နေတယ်။ ဒီအချိန်မှာ ဘာ သာရေးများများလုပ်ပါ။ ကိုယ့်အတွေးအမြင်တွေ ကောင်းလာဖို့ ဘာသာရေးများများလုပ်မှရမယ်။ ပိုပိုလည်း စိတ်ဖိစီးမှုဖြစ်ချိန်လည်းရှိပါတယ်။ စိတ်ဓာတ်ကျပေမယ့် ကိုယ့်ကိုကိုယ်ပဲ ပြန်အားတင်းထားကြတယ်။ ပရိသတ်တွေလည်း အားတင်းပြီး စည်းကမ်းလေးနဲ့ သွားလာနေထိုင်ပါလို့ မှာချင်ပါတယ်။ ကိုယ့်မိသားစုနဲ့ အကြာကြီးနေနိုင်ဖို့ အားတင်းထားပါလို့ ပြောချင်ပါတယ်။ ကျန်းကျန်းမာမာချမ်းချမ်းသာသာနဲ့ နှစ်သစ်မှာ ပျော်ရွှင်ပါစေလို့ ဆုတောင်းပေးပါတယ်။