မြန်မာနိုင်ငံအတွင်းရှိ ပဋိပက္ခဖြစ်ပွားရာဒေသများ၌နေထိုင်သည့်ပြည်သူများအတွက် ထောက်ပံ့မှုအဖြစ် ဂျပန်နိုင်ငံက ယန်း ၉၉၅ သန်း(အမေရိကန်ဒေါ်လာ ၉ ဒသမ ၄ သန်း) တန်ဖိုးရှိသော ထောက်ပံ့မှုစီမံကိန်းအတွက် ဒီဇင်ဘာ ၂၂ ရက်တွင် စာချွန်လွှာများ လက်မှတ်ရေးထိုးခဲ့ကြောင်းသိရသည်။
မြန်မာနိုင်ငံဆိုင်ရာဂျပန်သံအမတ် Mr. MARUYAMA Ichiro နှင့်အဆိုပါထောက်ပံ့မှုစီမံကိန်းများအား ပူးတွဲဆောင်ရွက်မည့် ကုလသမဂ္ဂအဖွဲ့အစည်းနှစ်ခုမှ ကိုယ်စားလှယ်များဖြစ်ကြသည့် ကုလသမဂ္ဂအပြည်ပြည်ဆိုင်ရာကလေးများရန်ပုံငွေအဖွဲ့(UNICEF)၏ မြန်မာနိုင်ငံဆိုင်ရာလက်ထောက်ကိုယ်စားလှယ် Ms. Alessandra Dentice၊ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP)၏ မြန်မာနိုင်ငံဆိုင်ရာ ဒုတိယဌာနကိုယ်စားလှယ် Mr. Marcus Prior တို့နှင့်အတူ လက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ်သည်။
ရခိုင်၊ ကချင်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း)တို့ရှိပြည်သူများသည်ပဋိပက္ခများကြောင့် ထိတ်လန့်မှုနှင့် စိတ်ဖိစီးမှုများ၊ ရာသီဥတုအပြောင်းအလဲနှင့် ရှုပ်ထွေးသော အကျပ်အတည်းများဖြစ်ပေါ်နေပြီး ထိုအရာများကိုရင်ဆိုင်ဖြေရှင်းနိုင်ရန် စီမံကိန်းအတွက် ဂျပန်ယန်း ၄၉၈ သန်း (အမေရိကန်ဒေါ်လာ ၄ ဒသမ ၇ သန်းခန့်)အား အသုံးပြုသွားမည်ဟု သိရသည်။ထိုစီမံကိန်းအတွင်း ကလေးမွေးဖွားခြင်း၊ အသက်ငါး အသက်ငါးနှစ်အောက်ကလေးနှင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများအတွက် ကျန်မာရေးဝန်ဆောင်မှုကို မြ§င့်တင်ရန်ရည်ရွယ်ပြီး ထိခိုက်အလွယ်ဆုံးသူများအကြား ကာကွယ်နိုင်သောရောဂါများ၊ ရောဂါဖြစ်ပွားမှုနှုန်းနှင့် သေဆုံးမှုနှုန်းတို့ကို လျှော့ချရာတွင် အထောက်အကူပြုစေရန်အပြင် ရေ၊ တစ်ကိုယ်ရေနှင့်ပတ်ဝန်းကျင်သန့်ရှင်းရေးလှုပ်ရှားမှုများ ဆောင်ရွက်ရန်အတွက် အပြည်ပြည်ဆိုင်ရာကလေးများရန်ပုံငွေအဖွဲ့(UNICEF)ဖြင့် ပူးတွဲလုပ်ဆောင်မည်ဖြစ်သည်။
ထို့ပြင် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP)နှင့် ဆောင်ရွက်မည့်စီမံကိန်းတွင် ဂျပန်ယန်း ၄၉၇ သန်း (အမေရိကန်ဒေါ်လာ ၄ ဒသမ ၇သန်းခန့်)အား သုံးစွဲမည်ဖြစ်သည်။ အဆိုပါစီမံကိန်းသည် ရခိုင်၊ ကချင်၊ရှမ်းပြည်နယ်(မြောက်ပိုင်း)နှင့် ချင်းပြည်နယ်ကဲ့သို့သော ပဋိပက္ခဒဏ်ခံရသည့်ဒေသများတွင် အာဟာရဖွံ့ဖြိုးတိုးတက်ရေးမှ တစ်ဆင့်စားနပ်ရိက္ခာထောက်ပံ့မှုမလုံလောက်သော ပြဿနာများကို ဖြေရှင်းရန်အတွက် နေရပ်စွန့်ခွာသူများနှင့် ပတ်ဝန်းကျင်ကျေးရွာလူထုများ၏ ကိုယ်အားကိုယ်ကိုးစနစ်ကိုပံ့ပိုးကူညီပေးရန်ဖြစ်ကြောင်း သိရသည်။ ကူညီကယ်ဆယ်ရေးအထောက်အပံ့များမှတစ်ဆင့် လူဦးရေ ၁၃၈၈ဝဝ ပါဝင်သော အကျိုးခံစားခွင့်ရှိသူများ၊ အာဟာရဖြည့်တင်းခြင်းဆိုင်ရာ အထောက်အပံ့များမှတစ်ဆင့်ကိုယ်ဝန်ဆောင်အမျိုးသမီး၊ နို့တိုက်မိခင်နှင့် အသက်ငါးနှစ်အောက်ကလေးငယ် ၃၁ဝ၅ဝ ဦး၊ အရင်းအနှီးရင်းမြစ်ဖော်ဆောင်မှု စီမံချက်မှတစ်ဆင့် လူဦးရေ ၂ဝဝဝဝ၊ စားနပ်ရိက္ခာအထောက်အပံ့မှတစ်ဆင့် HIV/TB လူနာ ၁၄ဝဝ နှင့် ကျောင်းတွင်း အစားအစာကျွေးခြင်း အစီအစဉ်မှတစ်ဆင့် မူလတန်းကျောင်းမှ ကလေးသူငယ် ၁၉၇ဝဝဝ ဦးတို့အား အထောက်အပံ့များပေးအပ်ရန် ရည်ရွယ်ကြောင်း သိရသည်။
















