အနုပညာက စစ်ပွဲတွေထက် သာလွန်အားကောင်းတယ်လို့ပြောတဲ့ အာဖဂန်နစ္စတန်က ပထမဆုံးအမျိုးသမီး ဂရပ်ဖတီအနုပညာရှင် ရှမ်စီယာဟာဆန်နီ

အနုပညာက စစ်ပွဲတွေထက် သာလွန်အားကောင်းတယ်လို့ပြောတဲ့ အာဖဂန်နစ္စတန်က ပထမဆုံးအမျိုးသမီး ဂရပ်ဖတီအနုပညာရှင် ရှမ်စီယာဟာဆန်နီ

ကမ္ဘာ့အနုပညာလောကမှာ အမျိုးသမီးတွေ ပါဝင်လာနေတာက တကယ့်ကို အားရကျေနပ်စရာပါ။ အထူးသဖြင့် အမျိုးသမီးအခွင့်အရေးအပါအဝင် အခြားသော ခွဲခြားဆက်ဆံမှုတွေရှိနေတဲ့ အာဖဂန်လိုနိုင်ငံက ပထမဆုံးအမျိုးသမီး ဂရပ်ဖတီအနုပညာရှင်တစ်ဦး ပေါ်ထွက်လာတာခြင်းဟာ ထူးခြားတယ်လို့ ပြောနိုင်ပါတယ်။ သူမရဲ့အမည်က ရှမ်စီယာဟာဆန်နီ (Shamsia Hassani) ဖြစ်ပြီး သူမက ''အနုပညာက စစ်ပွဲတွေထက် သာလွန်အားကောင်းတယ်'' လို့ ဆိုပါတယ်။ theculturetrip.com မှာ ဖော်ပြထားတဲ့ Art Radar နဲ့ သူမရဲ့ အင်တာဗျူးအပြည့်အစုံကို ဘာသာပြန်ဖော်ပြပေးလိုက်ပါတယ်။

Shamsia Hassani, ‘Sound Central Festival’, Kabul, 2012. Image courtesy the artist.

သူမကို အာဖဂန် မိဘတွေက အီရန်နိုင်ငံမှာ မွေးဖွားပါတယ်။ သူမဟာ street and digital artist တစ်ဦးဖြစ်ပြီး အာဖဂန်မှာ ပဋိပက္ခအများဆုံးမြို့ကြီးဖြစ်တဲ့ ကာဘူးကို ၂ဝဝ၅ ခုနှစ်က ပြန်လည်ရောက်ရှိလာခဲ့တာပါ။ ကာဘူးတက္ကသိုလ်မှာ အနုပညာဘွဲ့တက်ရောက်သင်ယူနိုင်ရေးလည်း ကြိုးစားခဲ့သလို သူ့ရဲ့ခေတ်ပြိုင်ကို ထင်ဟပ်တဲ့ အနုပညာလက်ရာတွေလည်း ဖန်တီးခဲ့ပါတယ်။ အဲဒီနောက် သူမဟာ နှစ်စဉ် ဂရပ်ဖတီနဲ့ပတ်သက်ပြီး အလုပ်ရုံဆွေးနွေးပွဲတွေကို နိုင်ငံတဝန်း စီစဉ်လုပ်ဆောင်နိုင်ခဲ့ပါတယ်။ ဆွေးနွေးပွဲတွေမှာ အမျိုးသမီးတို့ရဲ့ ကျွမ်းကျင်မှုကို မြှင့်တင်ပေးနိုင်ခဲ့သလို တစ်ဖက်ကလည်း အာဖဂန်လူမှုအသိုက်အဝန်းက အမျိုးသမီးတွေအပေါ် ထားရှိတဲ့ သဘောထားနဲ့ အမြင်တွေ ပြောင်းလဲလာအောင်လည်း တွန်းအားပေးနိုင်ခဲ့ပါတယ်။

ရှင့်အနေနဲ့ အာဖဂန်နစ္စတန်မှာ street art စတင်ဖို့ ဘယ်လိုလုပ်ခဲ့တယ်ဆိုတာ ပြောပြပါလား။

ကျွန်မအနေနဲ့  street art ကို စတင်လုပ်ဖို့ ၂ဝ၁ဝ ဒီဇင်ဘာမှာပြုလုပ်တဲ့ ဂရပ်ဖတီ အလုပ်ရုံဆွေးနွေးပွဲက စတင်တာပါ။ အဲဒီဆွေးနွေးပွဲကို ဗြိတိန်နိုင်ငံသာ ချူး(Chu) ဆိုတဲ့ ပညာရှင်က ကျမတို့ကို မိတ်ဆက်ပေး သင်ကြားပေးခဲ့တယ်။ အဲဒီအလုပ်ရုံဆွေးနွေးပွဲကို ကာဘူးမှာရှိတဲ့ Combat Communications ကနေ စုစည်းပေးတာပါ။

ရှင့်အနေနဲ့ အာဖဂန်မှာ street art ဦးဆောင်သူဖြစ်လာတော့ ခင်ဗျားကို ဒီလိုဖြစ်လာဖို့ ဘယ်သူက ဒါမှမဟုတ် ဘာတွေက လှုံ့ဆော်အားပေးတာလဲ။

ဂရပ်ဖတီအလုပ်ရုံဆွေးနွေးပွဲပြီးတော့ ဂရပ်ဖတီဖန်တီးမှုနဲ့ပတ်သက်ပြီး အများပြည်သူကို ထိတွေ့မိတ်ဆက် ပေးနိုင်လိမ့်မယ်လို့ ကျွန်မကိုယ်ကျွန်မ ခံစားမိတယ်။ ဂရပ်ဖတီဖန်တီးတင်ပြရတဲ့ သဘောသဘာဝကိုက အများပြည်သူ မြင်သာတဲ့ပွင့်လင်းနေရာတွေ ဖြစ်နေတယ်လေ။ ပြခန်းမှာပြုလုပ်တဲ့ ပြပွဲတွေဆို ကျမတို့အနေနဲ့ လူတိုင်းကို ဖိတ်ကြားလို့ မဖြစ်နိုင်သလို လူတိုင်းလည်း မလာနိုင်ပါဘူး။

အခုလို အများမြင်သာတဲ့ နေရာတွေမှာ အနုပညာလက်ရာတွေ ဖန်တီးထားတော့ လူတိုင်းအားလုံး ကြည့်နိုင်တယ် မဟုတ်လား။ ကျွန်မအနေနဲ့ စစ်ပွဲတွေနဲ့ဆက်စပ်ပြီး ဆိုးရွားတဲ့တွေ့ကြုံရမှုတွေကို အရောင်နဲ့ပြန်လည်ထင်ဟပ်တင်ပြမယ်၊ တကယ်လို့ ဒီလို အခြေအနေဆိုးကို ပြန်မှတ်မိသွားရင်လည်း အဲဒီအကြောင်းကို လူတွေရဲ့စိတ်ကနေ ဖယ်ရှားပေးပြီး နောက်ထပ် အခြေအနေသစ်၊ မျှော်လင့်ချက်သစ်တွေ ရစေနိုင်အောင် ဖန်တီးပါတယ်။ အာဖဂန်ကို အနုပညာဖန်တီးမှုနဲ့ ကျော်ကြားစေချင်ပါတယ်။ စစ်ပွဲတွေနဲ့ ထင်ရှားနေတာမျိုးတော့ မဖြစ်စေချင်ပါဘူး။

Street Art ဆိုတာက ခေတ်ပြိုင်အနုပညာဖန်တီးမှုရဲ့ အခြားသော အနုပညာတင်ဆက်မှုပုံစံတွေနဲ့ မတူခြားနား ဖြစ်နေတော့ အဲဒီခြားနားမှုအပေါ်  ခင်ဗျားအမြင်လည်း ပြောပါဦး။ ပိုပြီးအရေးပါသလား၊ မပါဘူးလား။ ဘာကြောင့်ပါလဲ။

ကျွန်မတို့ အာဖဂန်မှာတော့ ဂရပ်ဖတီက တစ်စုံတရာခြားနားပါတယ်။ ဥရောပနဲ့ တချို့နိုင်ငံတွေမှာတော့ ဂရပ်ဖတီကို တရားမဝင်ဘူးဆိုတဲ့ သဘောထားရှိကြပါတယ်။ ဒီမှာတော့ ကျွန်မအနေနဲ့ မတူတဲ့ဖန်တီးမှုနဲ့ မတူခြားနားတဲ့ သတင်းစကားပါးနိုင်ဖို့ ပုံစံကျမဟုတ်တဲ့ အိုင်ဒီယာတွေကို အသုံးပြုပါတယ်။ အားလုံးသော အနုပညာဖန်တီးမှုပုံစံတွေက အာဖဂန်ကို ပိုပြီးတိုးမြှင့်စေဖို့ အကောင်းဆုံးတွေချည့်ပါ။ ကျွန်မထင်မြင်မိတာက ဂရပ်ဖတီက ပိုပြီးအဆင်ပြေတယ်၊ လူတွေအားလုံး ကြည့်ရှုခံစားနိုင်တယ်၊ ဘယ်အချိန်ဖြစ်ဖြစ် တွေ့မြင်ရနိုင်တယ်။ ဒါက ကျွန်မ အမြင်သက်သက်ပါ။

Shamsia Hassani, ‘Sound Central Festival’, Kabul, 2013. Image courtesy Shamsia Hassani.

ရှင့်ရဲ့ ဂရပ်ဖတီဖန်တီးမှုကို ရှင့်မိသားစုဝင်တွေက ဘယ်လို သဘောထားကြလဲ။

ကျွန်မမိသားစုက ကျွန်မရဲ့ အနုပညာဖန်တီးမှုကို နှစ်သက်ကြပါတယ်။ သူတို့က ကျွန်မကို အမြဲတမ်းထောက်ပံ့ပါတယ်။ ကျွန်မရဲ့ ဖန်တီးမှုကို တားမြစ်တာတွေ၊ ဘယ်လိုဘယ်ပုံရေးဆွဲဖို့ အိုင်ဒီယာပေးတာတွေ မရှိဘူးရှင့်။ ကျွန်မဖန်တီးတာကို အားပေးတယ်။ ဒီအတွက် ကျွန်မ ကျေနပ်ရပါတယ်။

ရှင့်ရဲ့ မိသားစုက အာဖဂန်လူမျိုးတွေလား။ ရှင့်ကို ဘယ်မှာ မွေးဖွားခဲ့တာလဲ။

ကျွန်မရဲ့ မိသားစုက အာဖဂန်လူမျိုးတွေပါ။ ကျွန်မကို မွေးဖွားခဲ့တာက အီရန်နိုင်ငံမှာပါ။ အီရန်က တခြားနိုင်ငံတွေနဲ့ စာရင် ထူးခြားတဲ့နိုင်ငံပါ။ ရှင့်အနေနဲ့ အီရန်မှာ နှစ်ပေါင်း ၁ဝဝ လောက်နေထိုင်လည်း ရှင်ဟာ နိုင်ငံသား ဘယ်တော့မှ ဖြစ်မလာပါဘူး။ အီရန်က အနုပညာကျောင်းမှာ တက်ရောက်ချင်ခဲ့ပေမယ့် ကျွန်မက အီရန်နိုင်ငံသား မဟုတ်တော့ မတက်ခဲ့ရပါဘူး။ လွန်ခဲ့တဲ့ရှစ်နှစ်ကျော်လောက်က အာဖဂန်ကို ပြန်လာခဲ့ပါတယ်။ ကျွန်မတို့မိသားစုရဲ့ မူလဒေသက ခန်ဒဟာ (Kandahar)ဒေသပါ။

ကာဘူးမှာ Street Art နဲ့ပတ်သက်ပြီး စိန်ခေါ်မှုတွေ၊ အခက်အခဲတွေက ဘာတွေဖြစ်မလဲ။

ကာဘူးက Street Art ဖန်တီးတဲ့အခါ အစောင့်ရဲကို ကြောက်နေရတဲ့ ဥရောပနဲ့ ကွာခြားပါတယ်။ ဒီမှာတော့ ရဲနဲ့က ဘာပြဿနာမှမရှိဘူး။ ဒါပေမဲ့ အယူသီး အစွဲကြီးတဲ့ လူတွေကြောင့် ကျွန်မရဲ့လုံခြုံရေးကို စိုးရိမ်ရတယ်။ ကျွန်မ Street Art ဖန်တီးနေတုန်း တစ်ခုခုဖြစ်လာမလားဆိုတာပဲ စိုးရိမ်နေရတာပါ။ စိုးရိမ်လို့ဆိုပြီး ဆွဲလက်စကို မထားခဲ့နိုင်ပြန်ပါဘူး။

Shamsia Hassani, ‘Rote Fabrik’, Switzerland, 2013. Image courtesy the artist.

ကာဘူးမှာ Street Art ရေးဆွဲနေတုန်း ရှင် အံ့အားတသင့်ဖြစ်ခဲ့ရတဲ့ ဖြစ်ရပ်တွေအကြောင်းလည်း ပြောပြပါဦး။

ကျွန်မ ပထမဆုံး Street Art ဂရပ်ဖတီကို စ,ဆွဲတော့ လူအများရှိနေနိုင်တဲ့ နေရာတွေမှာ မဆွဲရဲသေးပါဘူး။ ဒါနဲ့ ချောင်ကျကျနေရာတချို့မှာပဲ ရေးခဲ့ရပါတယ်။ အဲဒါမှ အဆင်ပြေမှာလေ။ အခုတော့ ကျွန်မဂရပ်ဖတီကို လူသွားအလာများတဲ့ နေရာတချို့မှာပါ ဆွဲနေပါပြီ။ ဂရပ်ဖတီဆွဲတဲ့အခါ ကျွန်မဟာ ဘာတွေဖြစ်လာမယ်၊ ဘယ်လို ရင်ဆိုင်ရနိုင်တယ်ဆိုတာတွေ မတွေးပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဂရပ်ဖတီက အသစ်ဖြစ်နေလို့ပဲ။

လူတွေကလည်း ကျွန်မဆွဲတာကိုကြည့်ပြီး သူတို့ အတွေးစိတ်ကူးနဲ့ ဆက်စပ်ပြီး တုံ့ပြန်တာတွေတော့ ရှိပါတယ်။ ကျွန်မရဲ့လက်ရာတွေကို သဘောမတွေ့တဲ့ လူတွေရဲ့အသံကို နားထောင်ဖို့ အဆင်သင့်ပါ။ တစ်ခါတလေ အပြင်မှာရေးဆွဲနေချိန်မှာ လူတချို့ရောက်လာကြတာမျိုး၊ ရေးဆွဲတာနဲ့ပတ်သက်ပြီး သူတို့ ဘယ်လိုခံစားရတယ်ဆိုတာမျိုးတွေ ရှိပါတယ်။ တချို့က ကျွန်မလက်ရာတွေကို မလိုလားတာမျိုးလည်း တွေ့ရတဲ့အပြင် တချို့က ကျမရေးဆွဲနေတာ ရပ်တန်းကရပ်ဖို့တောင် လိုလားကြတာရှိတယ်။

ကျွန်မကို ''နင်က ဘာဖြစ်လို့ နံရံတွေကို ညစ်ပတ်စုတ်ပြတ်အောင် လုပ်နေရတာလဲ'' လို့ ပြောဆိုတာနဲ့ ပတ်သက်ပြီး မအံ့သြတော့ပါဘူး။ တချို့ကလည်း ကျွန်မ အခုလို ဂရပ်ဖတီတွေ ရေးဆွဲတာဟာ အစ္စလာမ်လမ်းစဉ်နဲ့မဆီလျော်ဘူး၊ သွေဖည်နေတယ် ဆိုတာမျိုးတောင် ပြောကြပါတယ်။ တချို့က အမျိုးသမီးတစ်ဦးအနေနဲ့ လမ်းတွေမှာ ဒီလို ဂရပ်ဖတီတွေဆွဲတဲ့အလုပ်နဲ့ မအပ်စပ်ဘူးလို့လည်း ပြောကြပြန်ပါတယ်။ အဲသလို မလိုလားလို့ ပြောဆိုနေကြချိန်မှာပဲ ကျွန်မရဲ့ ဂရပ်ဖတီ အနုပညာလက်ရာတွေကို လိုလားနှစ်သက်သူတွေလည်း တွေ့ရပါတယ်။

အာဖဂန်မှာ အမျိုးသမီးတစ်ဦး အခုလို Street Art ဂရပ်ဖတီတွေ ရေးဆွဲနေတာကို တခြားဘယ်လို တုံ့ပြန်မှုတွေ ရှိခဲ့သေးလဲ။ ရှင့်ကို ခြိမ်းခြောက်တာမျိုးရှိလား၊ ကြောက်ရွံ့ရတာမျိုးရောရှိလား။ ချီးကျူးကြတာရော ရှိလား။

ကျွန်မရဲ့ ဂရပ်ဖတီဖန်တီးမှုတွေကို အမြင်မတူတဲ့ အုပ်စုတွေရှိပါတယ်။ တချို့က ကျွန်မ ဘာကိုရေးဆွဲတယ်၊ ဘာကို သုံးတယ်ဆိုတာ သိချင်ကြသူတွေလည်း ရှိတယ်။ ကျွန်မရဲ့လက်ရာနဲ့ပတ်သက်ပြီး မေးမြန်းလာတဲ့သူတွေကို ကျွန်မ သဘောကျပါတယ်။ ကျွန်မရဲ့လက်ရာတွေကို သဘောကျတဲ့ သူတွေလည်းရှိပေမဲ့ သူတို့က ဂရပ်ဖတီတို့ ဘာတို့ဆိုတာတောင် မသိကြတာလည်း တွေ့ရတယ်။

တချို့ကတော့ ''နင်ဆွဲနေတာ ရုပ်ပုံပါနေပြီ၊ ရုပ်ပုံတွေ တုပရေးဆွဲဖို့ ခွင့်ပြုမထားဘူး'' လို့ ပြောသူတွေ၊ ''နံရံကို ညစ်ပေအောင် ဘာလို့လျှောက်ဆွဲနေတာလဲ'' လို့ ပြောတာတွေ ရှိပါတယ်။ တချို့ကလည်း ''အလုပ်မရှိ၊ အကိုင်မရှိနဲ့ အားအားယားယား နံရံတွေမှာ ပုံတွေလျှောက်ဆွဲနေတာပဲ'' လို့ ပြောသူတွေလည်း အများအပြားပါ။ အမြင်မတူတဲ့ ပြောဆိုတုံ့ပြန်မှုတွေအများကြီးပါပဲ။

Shamsia Hassani, ‘Dreaming Graffiti at Darulaman Palace’, 2012. Image courtesy the artist.

ဂရပ်ဖတီနဲ့ ပတ်သက်ပြီး ရှင့်ရဲ့ အိပ်မက်ကိုလည်းပြောပါဦး။ ဒီဂရပ်ဖတီကို အသုံးပြုဖန်တီးဖို့ ဘာက စေ့ဆော်ပေးတယ်လို့ ပြောနိုင်မလဲ။

ကျွန်မဘဝမှာ အပြင်မှာ ထွက်ဆွဲရတဲ့ ဂရပ်ဖတီနဲ့ အနုပညာဖန်တီးမှုမျိုး၊ အခွင့်အလမ်းတွေ အမြဲတမ်းရနေတာ မဟုတ်ပါဘူး။ နှစ်လ ဒါမှမဟုတ် သုံးလလောက်မှာ ဂရပ်ဖတီတစ်ခု ဖန်တီးလို့ရတာပါ။ တစ်ခါတလေ ကျွန်မအတွက် လုံခြုံရေးပြဿတွေလည်း ကြုံရပါတယ်။ လက်မခံနိုင်တဲ့လူတွေကြောင့် ကျွန်မ သွားမဆွဲရဲတဲ့ နေရာတွေလည်း ရှိပါတယ်။ ကျွန်မဆုံးဖြတ်ထားတာ တစ်ခုရှိတယ်။

အဲဒါကတော့ ဒီဂျစ်တယ်ပုံရိပ်ကြီးကို သုံးမယ်၊ ပြီးတော့ အဲဒီပုံကြီးအပေါ်မှာ ဂရပ်ဖတီတွေဆွဲမယ်၊ ကျွန်မရဲ့ စတူဒီယိုထဲမှာပဲ စုတ်တံတွေ၊ ဆေးဘူးတွေ သုံးပြီး ရေးမယ်ပေါ့။ အဲဒါက ကျွန်မရဲ့ ''ဂရပ်ဖတီ အိပ်မက်'' လို့ ဆိုနိုင်ပါတယ်။ ဒါပေမဲ့ အမှန်တကယ် ဖြစ်မလာသေးတဲ့ ကျွန်မရဲ့ စိတ်ကူးထဲက ဂရပ်ဖတီပါပဲ။

ရှင့်အနေနဲ့ရော၊ တခြားပညာရှင်တွေရော အာဖဂန်က မျိုးဆက်သစ် Street Artist တွေကို မွေးထုတ်သင်ကြားပေးတာတွေ ရှိလား။

ဟုတ်ကဲ့ရှင့်။ ကျွန်မအနေနဲ့ မျိုးဆက်သစ်တွေကို ဂရပ်ဖတီကို ဘယ်လိုအသုံးပြု ဖန်တီးနိုင်တယ်ဆိုတာ သိမြင်စေချင်ပါတယ်။ ကျွန်မက တက္ကသိုလ်တစ်ခုမှာ ဂရပ်ဖတီနဲ့ပတ်သက်ပြီး သင်ကြားပေးပါတယ်။ ဒါပေမဲ့ ပုံမှန်သင်တန်းတော့ မဟုတ်ဘူး။ ကျောင်းသူ ကျောင်းသားတွေကို အလုပ်ရုံဆွေးနွေးပွဲတွေ လုပ်ပေးတယ်၊ သူတို့ရဲ့ ကိုယ်ပိုင်အတွေးစိတ်ကူးနဲ့ မှုတ်ဆေးဘူးတွေသုံးပြီး ဘယ်လိုဖန်တီးတယ်ဆိုတာ သင်ပြပေးပါတယ်။

သူတို့က အခုလို အနုပညာဖန်တီးမှု ပုံစံသစ်နဲ့ ရေးဆွဲဖန်တီးရတာကို နှစ်သက်ကြတာ တွေ့ရတယ်။ စာရွက်ပေါ်မှာ ရေးဆွဲရတာမျိုးနဲ့ မတူတဲ့အပြင် ဂရပ်ဖတီနဲ့ ပုံတွေအကြီးကြီးလည်း ရေးဆွဲနိုင်တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ တက္ကသိုလ်မှာတော့ ကျွန်မက အသက်အငယ်ဆုံး နည်းပြဖြစ်ပြီး တချို့ကျောင်းသားတွေက ကျွန်မနဲ့ သက်တူရွယ်တူတွေပါ။ ပျမ်းမျှအသက် ၂ဝ ကနေ ၂၆ နှစ် အရွယ်တွေပါပဲ။

အာဖဂန်မှာ သမိုင်းတလျှောက် Visual Art ကို ထက်ထက်သန်သန် စိတ်ဝင်စားတာမျိုးရှိလား။

ကျွန်မတို့ရဲ့ ရိုးရာပန်းချီက miniature painting လို့ခေါ်တဲ့ ပန်းချီကားသေးသေးလေးနဲ့ တင်ပြတာပါ။ စတင်ခဲ့တာက အနုပညာရှင် Kamaluldin Behzad ပါ။ သူက အာဖဂန်မှာ miniature painting တွေကို အစပြုခဲ့တာဖြစ်ပြီး သူက Herat က ဖြစ်ပါတယ်။ ဥရောပက လီယိုနာဒိုဒါဗင်စီနဲ့ ခေတ်ပြိုင်ပါပဲ။

အာဖဂန်က ပညာရေးစနစ်မှာ ကျောင်းသူကျောင်းသားတွေကို Visual Art သင်ကြားပေးတာမျိုး ရှိလား။

ဟုတ်ကဲ့ ရှိပါတယ်။ ဒါပေမဲ့ အခုထိတောင်ပညာရေး သင်ရိုးဟောင်းပုံစံနဲ့ ပဋိပက္ခတွေရှိနေဆဲပါ။ တက္ကသိုလ်တွေမှာ ရှေးဟောင်းဂန္ထဝင်နည်းစနစ်ကို အသုံးပြုသင်ကြားနေဆဲ ဖြစ်ပါတယ်။ ဒါပေမဲ့ အနုပညာ သင်ကြားမှုအစီအစဉ်တွေ၊ ခေတ်ပြိုင်အနုပညာ ပုံဖော်ဖန်တီးမှုတွေ တဖြည်းဖြည်းပြောင်းလဲလာနေတာကိုလည်း တွေ့လာနေရပါပြီ။

ကျွန်မက ကဘူးတက္ကသိုလ်မှာ အနုပညာဘာသာရပ်အတွက် နည်းပြအဖြစ်လည်း တာဝန်ယူထားပါတယ်။ ကျွန်မရဲ့ ဂရပ်ဖတီရေးဆွဲဖန်တီးမှုတွေကို သူတို့ကို သင်ကြားပေးပါတယ်။ ဂရပ်ဖတီ အလုပ်ရုံဆွေးနွေးပွဲကိုလည်း စီစဉ်ရေးဆွဲပြုလုပ်ပါတယ်၊ သူတို့ကို အနုပညာဖန်တီးမှု ပုံစံသစ်တမျိုးအကြောင်း မိတ်ဆက်ပေးပါတယ်။ ဂရပ်ဖတီကို သာမန် ဘာသာရပ်ငယ်အဖြစ် သင်ပေးရတာကြောင့် အပြည့်အဝသင်ပေးခွင့် မရတာကြောင့်ပါ။

ဆက်လက်ဖော်ပြပါမည်။