မန္တလာတက္ကသိုလ်မှခေါ်ယူသည့် အချိန်ပိုင်းနည်းပြနှင့်သရုပ်ပြရာထူးများအတွက် ဒီဇင်ဘာ ၃ဝ ရက် နောက်ဆုံးထားလျှောက်ထားနိုင်

မန္တလာတက္ကသိုလ်မှခေါ်ယူသည့် အချိန်ပိုင်းနည်းပြနှင့်သရုပ်ပြရာထူးများအတွက် ဒီဇင်ဘာ ၃ဝ ရက် နောက်ဆုံးထားလျှောက်ထားနိုင်

မန္တလေးမြို့၊ အမရပူရမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်းမဘေး၊ နတ်ရေကန်ကျေးရွာအနီးရှိ မန္တလာတက္ကသိုလ်မှ ခန့်ထားမည့် ယာယီ၊ ပုတ်ပြတ်အချိန်ပိုင်း(နည်းပြနှင့် သရုပ်ပြ)ရာထူးများအတွက် သတ်မှတ်ချက်များနှင့် ကိုက်ညီသူများအနေဖြင့် ဒီဇင်ဘာ ၃ဝ ရက်၊ ညနေ ၄ နာရီနောက်ဆုံးထား၍ အွန်လိုင်းမှတစ်ဆင့်ဆက်သွယ်လျှောက်ထားနိုင်ကြောင်း သိရသည်။

တက္ကသိုလ်တွင်လိုအပ်လျက်ရှိသည့် မြန်မာစာ၊ အင်္ဂလိပ်စာ၊ ပထဝီဝင်၊သမိုင်း၊ဒသနိကဗေဒ၊ ခရီးသွားလုပ်ငန်းပညာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ သင်္ချာ၊ သတ္တဗေဒနှင့် ရုက္ခဗေဒဘာသာရပ်များအတွက် လျှောက်ထားနိုင်မည်ဖြစ်ပြီး ပညာအရည်အချင်းအဖြစ် ခရီးသွားလုပ်ငန်းပညာအထူးပြုအတွက် မဟာအရည်အချင်းစစ်သင်တန်းတက်ရောက်ရန် အဆင့်မီ၍ CG PA4.25 အထက်ရရှိသူများ၊ကျန်ဘာသာရပ်များအတွက် အနိမ့်ဆုံးမဟာတန်းပထမနှစ်အောင်မြင်ပြီးသူဖြစ်ရန်၊ အင်္ဂလိပ်စာအထူးပြုအတွက် CGPA-4 အထက်ရရှိသူများ၊ အသက်အရွယ်သတ်မှတ်ချက်အဖြစ် ဒီဇင်ဘာ ၃၁ ရက်တွင် အသက် ၃၅ နှစ်ထက်မကြီးသူဖြစ်ရမည်ဟု ထုတ်ပြန်ထားသည်။

''ရပ်ဝေးကနေ လျှောက်ထားတဲ့သူတွေ အနေနဲ့ခန့်အပ်ခြင်းခံရပြီဆိုရင်နေထိုင်ရေးအတွက် ကိုယ့်အစီအစဉ်ဖြင့်သာ ဆောင်ရွက်ရမှာဖြစ်ပြီး လူတွေ့နဲ့နှုတ်ဖြေ ဖြေဆိုရမယ့်ရက်ကိုလည်း ထပ်မံအသိပေးကြေညာပါမယ်''ဟု မန္တလာတက္ကသိုလ်၊ သင်တန်းရေးရာဌာနမှ မော်ကွန်းထိန်းဖြစ်သူ ဒေါ်အေးအေးသန့်ကပြောသည်။

လျှောက်လွှာနှင့်အတူ ပူးတွဲတင်ပြရမည့်စာရွက်စာတမ်းများတွင် ဘွဲ့လက်မှတ်မိတ္တူ၊ မဟာတန်းပထမနှစ်အောင်မြင်ကြောင်းထောက်ခံစာ၊ ကိုယ်ရေးရာဇဝင်အကျဉ်း၊ အမှတ်စာရင်းမိတ္တူ၊ တက္ကသိုလ်ဝင်တန်း အောင်လက်မှတ်မိတ္တူ၊ဘာသာရပ်၊ စာပေ၊ အနုပညာ၊ အားကစားထူးချွန်မှုနှင့် လူမှုရေးဆောင်ရွက်ချက်အကျဉ်းတို့ပါဝင်သည်။ လျှောက်ထားလိုပါက မန္တလာတက္ကသိုလ်၏ တရားဝင်ဝက်ဘ်ဆိုက်ဒ်ဖြစ်သော www.mdl.edu.mm တွင် လျှောက်လွှာများကို ဒေါင်းလုတ်ရယူကာဖြည့်စွက်၍ အီးမေးလ်လိပ်စာ [email protected] သို့သတ်မှတ်ချိန်အမီပေးပို့ရမည်ဖြစ်ကြောင်း သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး