သမ္မတ ရုံးဝန်ထမ်းတစ်ဦး ကိုဗစ် ပိုးတွေ့၊ ဆက်စပ်သူများအားလုံးကို စစ်ဆေးမည်

သမ္မတ ရုံးဝန်ထမ်းတစ်ဦး ကိုဗစ် ပိုးတွေ့၊ ဆက်စပ်သူများအားလုံးကို စစ်ဆေးမည်

နေပြည်တော် ကောင်စီနယ်မြေ ရှိ နိုင်ငံတော်သမ္မတအိမ်တော်တွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်း တစ်ဦး၌ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ ရှိခဲ့တာကြောင့် ၎င်းနှင့်ဆက်စပ်သူများအားလုံးကို စစ်ဆေးသွားမည်ဟု နေပြည်တော် တိုင်းကျန်းမာဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မြတ်ဝဏ္ဏစိုးက ပြော သည်။

၎င်းက “သမ္မတရုံး တစ်ရုံးလုံးစစ်မှာပါ။ သူတို့နဲ့ ထိစပ်နေသူ အားလုံးကို စစ်မှာပါ။ သူနဲ့ ကွန်တက်ရှိတဲ့ရုံးတွေ အလိုက်စစ်မှာပါ “ ဟုပြောသည်။

ထိုဝန်ထမ်းသည် နိုင်ငံ့ဝန်ထမ်း လူပျိုဆောင်တွင် နေထိုင်သူဖြစ်တာကြောင့် ၎င်းနှင့်အတူတစ်ဆောင်တည်း နေထိုင်သည့် အခြားဝန်ကြီးဌာနများမှ ဝန်ထမ်းများကိုလည်း ဆက်လက်စစ်ဆေးနေပြီး ရောဂါပိုးတွေ့ ထားသူတွေလည်း ရှိနေသည့်အတွက် ကျန်ဝန်ကြီးဌာနမှ သူများကို လည်း ဆက်လက်စစ်ဆေးသွားဖို့ ရှိနေကြောင်း ဒေါက်တာမြတ်ဝဏ္ဏစိုးက ပြောသည်။

၎င်းက “ပိုးတွေ့တာက ပထမ သဇင်ဆောင်မှာပဲတွေ့ပါတယ်။ တွေ့ပြီး နောက်တစ် ဆောင်ကူး၊ အဲ့ကနေ ဝန်ထမ်းတွေဖြစ် အဲ့လိုနဲ့ကွင်းဆက်ဖြစ်သွားတာပါ။ ဆက်စပ်ဆိုရင် အင်အား ၅၀ အထက်မှာ ရှိပါတယ်။ ဝန်ကြီးဌာနတွေက ပေါင်းစုံ ဌာနတွေပါတာပေါ့ “ ဟုပြောသည်။

ယခု ရက်ပိုင်းအတွင်း နေပြည်တော်ကောင်စီနယ်မြေ၌ ပြည်တွင်းကူးစက်မှု ပုံစံ ကူးစက်မှုတွေ များလာပြီးနောက် တပ်မတော်သားများနှင့် မိသားစုဝင်များနေထိုင်ရာ တပ်မတော် အိမ်ရာများတွင်လည်း ကိုဗစ် ပိုး ကူးစက်မှုများ ရှိနေကြောင်း သိရသည်။

၎င်းက “တပ်မှာ ပိုးတွေ့တာ ၁၀ယောက်လောက်တော့ ရှိပါတယ်။ကွန်တက်ကတော့ ကျွန်တော်တို့ဘက်ကို မပေးဘူး။ များသောအားဖြင့် ကိုယ့်အဝန်းဂိုင်းထဲပဲ ရှိတာလေ။ အရပ်သားနဲ့ထိတွေ့ရင်တော့ ကျွန်တော် တို့ကိုပြောပါတယ်” ဟုပြောသည်။

ကိုဗစ် ပိုးကူးစက်ခံရသည့် တပ်မတော်သားများနှင့် ဆက်စပ်သူများကို တပ်မတော်ဆေးအဖွဲ့ ကသာ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး အရပ်သားနှင့် ထိတွေ့ မှုရှိကြောင်း သတင်းပေး လာမှသာ အရပ်ဘက် ဆေးအဖွဲ့များက ကွန်တက်လိုက် စစ်ဆေးရခြင်းဖြစ်ကြောင်း ဒေါက်တာမြတ်ဝဏ္ဏစိုး ကရှင်းပြသည်။

၎င်းက “အဲ့ဒီ ကွန်တက်ကျတော့ ကျွန်တော်တို့က မလိုက်ပါဘူး။ အဲ့မှာဆေးတပ်ဖွဲ့တွေကပဲ ဆောင်ရွက် နေတာဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၂ ရက်က ကျွန်တော်တို့ဆီမှာ ဇေယျာသီရိ ပိုးတွေ့စာရင်းမှာ တပ်မတော် ဘက်ကလည်း ပါပါတယ်။လူနာကိုတော့ အမှတ် ၂ တပ်မတော်ဆေးရုံကြီးကုတင် ၁၀၀၀ ပေါ့။ အဲ့ဒီစစ်ဆေးရုံကြီးမှာပဲကုတာ တချို့ပြည်သူတွေ အရပ်သားတွေကိုလည်း သူတို့ဆီက လက်ခံကုသပေး တာတွေရှိပါတယ်။ ကျွန်တော်တို့ နယ်မြေထဲမှာ ကွန်တက် လိုက်ဖို့ လိုလို့ရှိရင် ဆေးအဖွဲ့ကနေ ကျွန်တော်တို့ကို အကြောင်းကြားပါတယ်။ ကျွန်တော်တို့လိုက်ပါတယ် “ ဟုပြောသည်။

နေပြည်တော်ကောင်စီ၏ ယနေ့ မနက်ထုတ်ပြန်ချက်အရ နေပြည်တော်အတွင်း ကိုဗစ်-၁၉ အတည်ပြုလူနာ ၆၇၁ ဦးရှိပြီး ဆေးရုံးက ဆင်းခွင့်ရရှိသူ ၅၁၆ ဦး ကုသဆဲ လူနာ ၁၄၉ ဦးနှင့် သေဆုံသူ ၆ဦးအထိရှိပြီး အစိုးရဝန်ထမ်း အများဆုံး နေထိုင်သည့် ဇမ္ဗူသီရိမြို့နယ်သည် ကူးစက်မှု အများ ဆုံးမြို့နယ်ဖြစ်ကြောင်းတွေ့ ရှိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး