AstraZeneca ကုမ္ပဏီမှ ထုတ်လုပ်သော COVID-19 ကာကွယ်ဆေးသည် လက်ရှိပြည်တွင်း၌ ကူးစက်မှုဖြစ်ပွားနေသော မျိုးရိုးဗီဇပြောင်း ဗိုင်းရပ်စ်ပိုး အပေါ်တွင်လည်း ထိရောက်မှုရှိကြောင်း ဗြိတိန်ဆေးဝါးကုမ္ပဏီက ထုတ်ပြန်ပြောကြားခဲ့သည်။
ထို့ပြင် ယင်းမျိုးရိုးဗီဇပြောင်း ဗိုင်းရပ်စ်နှင့်ပတ်သက်၍လည်း အသေးစိတ် လေ့လာမှုများ ဆောင်ရွက်နေ ဆဲဖြစ်ကြောင်း ပြောကြားခဲ့သည်။
AstraZeneca မှ ထုတ်လုပ်သော COVID-19 ကာကွယ်ဆေးသည် ယခင်ကူးစက်မှုဖြစ်ပွားခဲ့သော SARS-CoV-2 ဗိုင်းရပ်စ် ပရိုတင်း၏ မျိုးရိုး ဗီဇဆိုင်ရာ ပစ္စည်းများပါဝင်ပြီး ဗိုင်းရပ်စ်မျိုးကွဲသစ်တွင် တွေ့ရှိရသော မျိုးရိုး ဗီဇပြောင်းလဲမှုအပေါ်တွင်လည်း သက်ရောက်မှုရှိကြောင်း အဆိုပါကုမ္ပဏီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ကြောင့် AstraZeneca ကုမ္ပဏီ သည် မျိုးရိုးဗီဇပြောင်း ဗိုင်းရပ်စ်ပိုးကို ယင်းတို့၏ ကာကွယ်ဆေးနှင့်ပတ် သက်၍ အသေးစိတ် စမ်းသပ်စစ်ဆေးမှုများ ဆောင်ရွက်ရန် စီစဉ်နေပြီဖြစ် သည်။
လက်ရှိ ထုတ်လုပ်ထားသော ကာကွယ်ဆေးတွင် မျိုးကွဲဗိုင်းရပ်စ်၏ မျိုးရိုးဗီဇဆိုင်ရာ ပစ္စည်းများလည်း ပါဝင်နေခြင်းကြောင့် ခန္ဓာကိုယ်၏ ကိုယ်ခံ အားစနစ်ကို ထုတ်လွှတ်ပေးနိုင်ကြောင်း သိရပြီး အသစ်ပေါ်ထွက်နေသည့် ဗိုင်းရပ်စ်ကို ခုခံကာကွယ်ပေးနိုင်ကြောင်း သိရသည်။
ဗိုင်းရပ်စ်သစ်တစ်မျိုး ပေါ်ထွက်လာခြင်းကြောင့် ဗြိတိန်တွင် မတည်ငြိမ်သည့် အခြေအနေများဖြစ် ပေါ်လာသော်လည်း ယင်းဗိုင်းရပ်စ်မျိုးကွဲသစ်နှင့် ပတ်သက်ပြီး အထူးတ လည် သတိပေးထုတ်ပြန်ရန် အကြောင်းမရှိကြောင်း WHO က ပြောကြားခဲ့ပြီးဖြစ်သည်။
ထို့ပြင် ယခုဖြစ်စဉ်မှာလည်း ကူးစက်ရောဂါဗိုင်းရပ်စ်ပိုးများ၏ ပုံမှန် ပြောင်းလဲမှု သဘာဝဖြစ်စဉ်တစ်ရပ်သာဖြစ်ကြောင်း WHO က သတင်းထုတ် ပြန်ထားသည်။

















