ပြင်သစ်နိုင်ငံရှိ ရွာတစ်ရွာတွင် သေနတ်သမားတစ်ဦး၏ အကြမ်းဖက် ပစ်ခတ်မှုကြောင့် ရဲအရာရှိ သုံးဦး သေဆုံးခဲ့ပြီး တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း ပြည်သစ်ပြည်ထဲရေးဝန်ကြီးဌာန၏ ဒီဇင်ဘာ ၂၃ ရက် ထုတ်ပြန်ချက်အရ သိရသည်။
ပြင်သစ်နိုင်ငံ Saint-Just မြို့စွန် ရွာတစ်ရွာ၌ လူတစ်ဦးသည် အမျိုးသမီးတစ်ဦးအပေါ် ညှင်းပန်းနှိပ်စက်နေကြောင်း တိုက်ကြားချက် လက် ခံရရှိသဖြင့် ရဲတပ်ဖွဲ့က သွားရောက်ခဲ့ရာ အဆိုပါ လူရမ်းကားက သေနတ် ဖြင့် ပြန်လည်ပစ်ခတ်ခဲ့သောကြောင့် ရဲတပ်ဖွဲ့ဝင်များ သေဆုံးခဲ့ရခြင်းဖြစ် ကြောင်း သိရသည်။
လီယွန်မြို့တော်မှ အနောက်ဘက် ၁၁၄ မိုင်ခန့် ဝေးကွာသော အဆိုပါ ရွာ၌ အခင်းဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ရဲတပ်ဖွဲ့ဝင်များ စတင်ရောက်ရှိလာချိန် တွင် အဆိုပါ သေနတ်သမားက စတင်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ပြင်သစ် ရုပ်သံလိုင်းတစ်ခုဖြစ်သည့် BFMTV ၏ ဖော်ပြချက်အရ သိရသည်။
အိမ်တွင်းအကြမ်းဖက်မှု ခံခဲ့ရသော အမျိုးသမီးသည် အိမ်ခေါင်မိုးပေါ်၌ ပုန်းအောင်းနေခဲ့ပြီး ရဲတပ်ဖွဲ့ဝင်များက လုံခြုံစွာ ကယ်တင်နိုင်ခဲ့၍ ဘေး ကင်းရာသို့ ခေါ်ဆောင်နိုင်ခဲ့သည်။
သို့သော် အခင်းဖြစ်ပွားသည့် နေအိမ်မှာ မီးရှို့ဖျက်ဆီးခြင်း ခံခဲ့ရကြောင်း BFMTV ၏ ဖော်ပြချက်အရ သိရသည်။
လက်ရှိတွင် အကြမ်းဖက်ပစ်ခတ်မှု ကျူးလွန်ခဲ့သော သေနတ်သမား အား ဖမ်းဆီးရမိရေးအတွက် ပြင်သစ်ပြည်ထဲရေးဝန်ကြီးဌာနက ကြိုးစား ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။

















