ကပ်ရောဂါဆိုင်ရာထောက်ပံ့ရေးဥပဒေမူကြမ်းနှင့် ပတ်သက်ပြီး ဒေါ်နယ်ထရမ့် ခြိမ်းခြောက်

ကပ်ရောဂါဆိုင်ရာထောက်ပံ့ရေးဥပဒေမူကြမ်းနှင့် ပတ်သက်ပြီး ဒေါ်နယ်ထရမ့် ခြိမ်းခြောက်

အမေရိကန်ပြည်သူများအတွက် COVID-19 ကပ်ရောဂါဆိုင်ရာ ထောက်ပံ့ရေးရန်ပုံငွေ ဥပဒေမူကြမ်းသည် အလွန်ပင် အရှက်ရစရာ ဖြစ်နေခြင်းကြောင့် လက်မှတ်ရေးထိုးမှု ပြုလုပ်မည်မဟုတ်ကြောင်း သမ္မတ ဒေါ်နယ်ထရမ့်က ဒီဇင်ဘာ ၂၂ ရက်တွင်  ခြိမ်းခြောက်ပြောဆိုလိုက်ပြီး ယင်းဥပဒေမူကြမ်းထဲတွင် အရေးပါသော အချက်အလက်များ မပါဝင် ကြောင်း ပြောကြားခဲ့သည်။ 

ကပ်ရောဂါဆိုင်ရာ ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် ၈၉၂ ဘီလီယံဒေါ်လာ တန်ကြေးရှိ ဥပဒေမူကြမ်းတစ်ရပ်ကို ရီပတ်ဗလီကန် ခေါင်း ဆောင်များနှင့် ဒီမိုကရက်တစ် ပါတီခေါင်းဆောင်များအကြား သဘောတူညီ ချက်ရရှိခဲ့သော်လည်း သမ္မတထရမ့်၏ ဗီတိုအာဏာအသုံးပြုကာ ပယ်ဖျက် လိုက်ပါက ပျက်ပြယ်သွားနိုင်သည့် အလားအလာမျိုး ရှိနေသည်။

ယင်းရန်ပုံငွေ ဥပဒေမူကြမ်းသည် လာမည့် ၂၀၂၁ ခုနှစ် ဘဏ္ဍာနှစ်အ တွက် အစိုးရယန္တရားလည်ပတ်နိုင်ရေး ဘတ်ဂျက်၏ အစိတ်အပိုင်းတစ်ခု လည်း ဖြစ်နေသည်။

‘’ကျွန်တော့်စားပွဲပေါ် သူတို့ပြန်ပြီး ရေးပို့လိုက်တဲ့ ဥပဒေမူကြမ်းက ကြိုတင်မျှော်လင့်ထားတာနဲ့ အများကြီး ကွဲပြားခြားနားနေတယ်။ တကယ့်ကို အရှက်ရစရာ ကောင်းနေပြီ’’ ဟု ထရမ့်က တွစ်တာမှတစ်ဆင့် ပြောကြားခဲ့ သည်။

အမေရိကန်ရှိ အိမ်ထောင်စုများအတွက် လျာထားသည့် ကပ်ရောဂါ ဆိုင်ရာ ရန်ပုံငွေသည် နိုင်ငံသားတစ်ဦးအတွက် အမေရိကန်ဒေါ်လာ ၂၀၀၀ သို့မဟုတ် ဇနီးမောင်နှံနှစ်ဦးအတွက် ၄၀၀၀ နှုန်းထားဖြင့် ထရမ့်က ဆန္ဒပြုခဲ့ ကြောင်း သိရသည်။

သို့သော် လက်ရှိဥပဒေမူကြမ်းတွင် အမေရိကန် ပြည် သူတစ်ဦးအတွက် ဒေါ်လာ ၆၀၀ နှုန်းသာ ပါဝင်နေခြင်းကြောင့် အရှက်ရစရာ ဖြစ်ရကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ကပ်ရောဂါဆိုင်ရာ ထောက်ပံ့ရေးဥပဒေမူကြမ်းဟု ဆိုသော် လည်း ကပ်ရောဂါနှင့်ပတ်သက်ပြီး အရေးပါသည့် လုပ်ငန်းစဉ်များအတွက် သုံးစွဲရန် မည်မည်ရရ ဖော်ပြထားခြင်းမရှိကြောင်း ထရမ့်က ထောက်ပြခဲ့ သည်။

ထို့ကြောင့် အချည်းအနှီးဖြစ်စေနိုင်သော အချက်များကို ပြင်ဆင်ပေး ရန်အတွက် ထရမ့်က ကွန်ဂရက်သို့ တောင်းဆိုခဲ့ပြီး သင့်တော်ကောင်းမွန် သည့် ဥပဒေမူကြမ်းအား ၎င်းထံ ပို့ဆောင်ရန် ပြောကြားခဲ့သည်။

ယင်းသို့မှ မဟုတ်လျှင် နောက်တက်လာမည့် အစိုးရလက်ထက်ရောက်မှသာလျှင် အဖြေထွက်လိမ့်မည်ဖြစ်ကြောင်းနှင့် နောက်တက်လာမည့် အစိုးရသည် လည်း ၎င်းကိုယ်တိုင်ပင်လျှင် ဖြစ်နေနိုင်ကြောင်း ပြောကြားခဲ့သည်။